အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် အထက်တန်းကျောင်းတစ်ကျောင်းမှာ ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဆီမီးအော်တိုမက်တစ် သေနတ်တစ်လက်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းနေဖက် ၄ ဦး သေဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်ခဲ့သူကို အလျင်အမြန် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရခဲ့သူတွေအနက် ကျောင်းဆရာမတစ်ဦး ပါဝင်ပြီး ကျန်ရှိသူတွေကတော့ ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။ ပစ်ခတ်မှုဟာ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ရဲ့မြောက်ဘက် ၆၅ မိုင်အကွာ အောက်စ်ဖို့မြို့ရှိ အောက်စ်ဖို့အထက်တန်းကျောင်း (Oxford High School) မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် ယောက်ျားလေး ၂ ဦး၊ အသက် ၁၇ နှစ်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေး ၂ ဦးတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့အရာရှိ Michael McCabe က အတည်ပြုပါတယ်။
ပစ်ခတ်ခဲ့တဲ့ ကျောင်းသားဟာ အဆိုပါ အထက်တန်းကျောင်းမှပင်ဖြစ်ပြီး ပစ်ခတ်မှုကို တစ်ဦးတည်းလုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး ၎င်းကိုဖမ်းဆီးစဥ် ခုခံခြင်းမရှိဘဲ အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျောင်းသားဟာ 9MM Sig Sauer SP2022 သေနတ်ဖြင့် ၁၅ ချက်မှ အချက် ၂၀ အထိ ပစ်ခတ်ခဲ့ပြီး ဖြစ်စဥ်တစ်ခုလုံးဟာ ၅ မိနစ်အတွင်း ဖြစ်ပွားခဲ့တယ်လို့လည်း Michael McCabe က ပြောပါတယ်။ ထိုသေနတ်ကို ၎င်းရဲ့ဖခင်က သောကြာနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိစဥ် သေနတ်ထဲမှာ ကျည်ဆန် ၇ တောင့်ရှိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ကျောင်းသားက ဘာကိုမျှထုတ်ပြောခြင်း မရှိသေးဘဲ ၎င်းရဲ့မိဘတွေက အကြံပေးမှုအရ ရှေ့နေတစ်ဦး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အောက်စ်ဖို့အထက်တန်းကျောင်းဟာ ယခုကဲ့သို့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားလာပါက မည်သို့ ဆောင်ရွက်ရမည်ဆိုတာနဲ့ အစီအစဥ်တကျ ရွှေ့ပြောင်းမှုအတွက် ပြင်ဆင်ထားမှုအပေါ် ရဲတပ်ဖွဲ့အရာရှိ Michael McCabe ချီးကျူးခဲ့ပါတယ်။
ယခုပစ်ခတ်မှုက အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်တွေအပေါ် အချေအတင်ဆွေးနွေးမှု အရှိန်မြင့်လာစေဖွယ်ရှိတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ အမေရိကန် ပြည်နယ်အများအပြားမှာ သေနတ်ကို အလွယ်တကူ ဝယ်ယူရရှိနိုင်နေစဥ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကုသမှုနည်းတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲသတင်းအရ စာသင်ကျောင်းမှာ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက်ကို ပထမဒီကရီ လူသတ်မှုဖြင့် စွဲချက်လိုက်ပြီး အာမခံမပေးဘဲ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
Photo: Reuters