ဂီတဖျော်ဖြေပွဲကို ပရိသတ် ၅၀,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြပါတယ်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲညမှာ လူအုပ်စု တိုးဝှေ့လဲကျမှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး ၁၁ ဦးကို နှလုံးရပ်သွားမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

ရက်ပ်အဆိုတော် ထရာဗစ်စကော့ (Travis Scott) ရဲ့ Astroworld Festival ဂီတဖျော်ဖြေပွဲမှာ စတိတ်စင်ရှေ့ အနီးဆုံးနေရာကိုရောက်ရှိရန် လူအုပ်စုက တိုးဝှေ့ကြရာမှ လူတွေ ထိတ်လန့်လာကြပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။



(ရက်ပ်အဆိုတော် ထရာဗစ်စကော့) (Photo: AP)

လူအုပ်စု တိုးဝှေ့လဲကျမှုအတွင်း အခြား လူ ၃၀၀ ခန့်လည်း ပွန်းပဲ့ဒဏ်ရာကဲ့သို့ အသေးစား ဒဏ်ရာများရခဲ့ပြီး ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို ပရိသတ် ၅၀,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလွန်ဝမ်းနည်းစရာကောင်းတဲ့ညလို့ ဒေသခံ နိုင်ငံရေးသမား ကောင်တီတရားသူကြီး Lina Hidalgo က ပြောပါတယ်။

"ကျွန်မတို့ ကြေကွဲဝမ်းနည်းရပါတယ်၊ လူတွေက ဒီပွဲတွေကို အပန်းဖြေဖို့၊ အမှတ်တရတွေဖြစ်ဖို့ သွားကြတာပါ၊ ဒီလိုပွဲဟာ သေဆုံးဒဏ်ရာရတာတွေ ဖြစ်မယ်လို့ မျှော်လင့်ထားတဲ့ပွဲ မဟုတ်ပါဘူး" လို့ သူမက ဆိုပါတယ်။ ဒေသစံတော်ချိန် သောကြာနေ့ (နိုဝင်ဘာ ၅ ရက်) ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လူအုပ်စု တိုးဝှေ့လဲကျမှု စတင်ဖြစ်ပွားခဲ့ကြောင်း ဟူစတန် မီးသတ်တပ်ဖွဲ့အကြီးအကဲ Samuel Peña က ပြောပါတယ်။

(ထရာဗစ်စကော့ ပရိသတ်များ) (Photo: AP)

"လူအုပ်စုက စတိတ်စင်ရှေ့ကိုရောက်အောင် စတင်တိုးဝှေ့လာခဲ့ကြပြီး လူတွေ စတင် ထိတ်လန့်လာခဲ့ကြတယ်" လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။ Houston Chronicle သတင်းစာဝက်ဘ်ဆိုက်မှာ ဖော်ပြမှုအရ ထရာဗစ်စကော့ဟာ ၎င်းရဲ့ ၇၅ မိနစ်ကြာ သီဆိုဖျော်ဖြေမှုအတွင်း စတိတ်စင်ရှေ့ အနီးအနားမှာ ပရိသတ်တွေ စုပြုံတိုးဝှေ့ပြီး အဆင်မပြေဖြစ်နေတာကို တွေ့ရစဥ် ဂီတပွဲကို မကြာခဏ ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ထရာဗစ်စကော့က ပရိသတ်တွေ အဆင်ပြေစေရန်နဲ့ လူအုပ်စု တိုးဝှေ့နေမှုမဖြစ်စေရန် ဆောင်ရွက်ပေးဖို့ လုံခြုံရေးတွေကို တောင်းဆိုခဲ့ပါသေးတယ်။ အရေးပေါ်ကားတွေ၊ မီးရောင်နဲ့ အချက်ပေးသံတွေသုံးပြီး လူအုပ်စု တိုးဝှေ့မှုမဖြစ်စေရန် အကြိမ်အများအပြား လုပ်ဆောင်ခဲ့တယ်လို့လည်း Houston Chronicle က ပြောပါတယ်။

(Astroworld Festival ဂီတဖျော်ဖြေပွဲ မြင်ကွင်းတစ်ခု) (Photo: AP)

လူအများအပြား ဒဏ်ရာရကြောင်း သိရှိပြီးနောက် ဂီတပွဲစီစဥ်သူတွေက ပွဲကို ရပ်ဆိုင်းခဲ့ပါတယ်။ သို့သော် သေဆုံးဒဏ်ရာရသူဦးရေဟာ လျင်မြန်စွာ မြင့်တက်လာခဲ့ရာ ဂီတပွဲမှာရှိနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အနေနဲ့ မနိုင်မနင်းဖြစ်လာခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ ဂီတပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားသူတွေကို ၎င်းတို့ရဲ့မိသားစုနဲ့ ပြန်ဆုံနိုင်ရန် စုရပ်နေရာအဖြစ် Wyndham Houston ဟိုတယ်ကို သတ်မှတ်ဖွင့်လှစ်ပေးထားကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် Astroworld Festival ဂီတဖျော်ဖြေပွဲရဲ့ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့ (နိုဝင်ဘာ ၆ ရက်) အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ Astroworld Festival ဂီတဖျော်ဖြေပွဲကို ဟူစတန်မြို့ရှိ NRG Park မှာ ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဥ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ယမန်နှစ်မှာတော့ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အဆိုပါ ဂီတဖျော်ဖြေပွဲ မရှိခဲ့ဘဲ ယခုနှစ်မှသာ ပြန်လည် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲသတင်းတွေအရ ဂီတဖျော်ဖြေပွဲမှာ လူအုပ်စု တိုးဝှေ့လဲကျမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က