ကင်တက်ကီပြည်နယ်ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုများ ဖြစ်ပါတယ်

အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်မှာ ဒေသစံတော်ချိန် သောကြာနေ့ (ဒီဇင်ဘာ ၁၀ ရက်) ညပိုင်းက လေဆင်နှာမောင်းများ တိုက်ခတ်မှုအတွင်း လူ ၅၀ ကျော် သေဆုံးနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသူအရေအတွက်ဟာ ၁၀၀ အထိ မြင့်တက်လာနိုင်ကြောင်းနဲ့ ကင်တက်ကီပြည်နယ်ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုများဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Andy Beshear က ဆိုပါတယ်။ လေဆင်နှာမောင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၇၀ နဲ့ ၁၀၀ ကြားရှိနိုင်တယ်လို့ ၎င်းက ခန့်မှန်းခဲ့ပါတယ်။



(ပြိုကျပျက်စီးခဲတဲ့ Amazon စတိုးရဲ့ ဂိုထောင်)

လေဆင်နှာမောင်းတွေက အမေရိကန်ပြည်နယ်အချို့မှာ ဖြတ်သန်းတိုက်ခတ်သွားခဲ့တာဖြစ်ပြီး အီလီနွိုက်စ်ပြည်နယ်ရှိ Amazon စတိုးရဲ့ ဂိုထောင်တစ်ခုထဲမှာ ဝန်ထမ်းများ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။ ထို့အတူ လေဆင်နှာမောင်းများ တိုက်ခတ်စဥ် ကင်တက်ကီပြည်နယ် Mayfield မြို့ရှိ ဖယောင်းတိုင်စက်ရုံတစ်ရုံအတွင်း လူ ၁၀၀ ကျော်ရှိနေခဲ့တယ်လို့ New York Times သတင်းက ဖော်ပြထားပါတယ်။ ၎င်းတို့အနက် အနည်းဆုံး ဒါဇင်နဲ့ချီ သေဆုံးလိမ့်မယ်လို့ ယုံကြည်ရကြောင်း ကင်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

(ပြိုကျပျက်စီးခဲတဲ့ Amazon စတိုးရဲ့ ဂိုထောင်)

အီလီနွိုက်စ်ပြည်နယ်တောင်ပိုင်း Edwardsville မြို့ရှိ Amzaon ဂိုထောင်ဟာ ယမန်နေ့ညပိုင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လေဆင်နှာမောင်းကြောင့် ဂိုထောင်အမိုးပြိုကျမှုအတွင်း လူဦးရေမည်မျှ ထိခိုက်ခဲ့ကြောင်း အတိအကျ မသိရသေးပေမဲ့ ဒေသခံ အရေးပါ်ဌာနကတော့ အများအပြား သေဆုံးဒဏ်ရာရမှုတစ်ခုလို့ Facebook မှာ ပြောထားပါတယ်။

အာကင်ဆက်ပြည်နယ်မှာလည်း လေဆင်နှာမောင်း တိုက်ခတ်မှုအတွင်း လူတစ်ဦး သေဆုံးခဲ့ကြောင်း သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး လူ ၂၀ ကျော် ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် မိုးလေဝသဌာန (National Weather Service - NWS) က အာကင်ဆက်၊ တင်နက်ဆီ၊ မစ်ဆူရီနဲ့ အီလီနွိုက်စ် အပါအဝင် နေရာတွေမှာ လေဆင်နှာမောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ 

Photo: Reuters

Share

က္က