အိမ်ဖြူတော်နဲ့ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးလုပ်ငန်း TSMC တို့ဟာ အရီဇိုးနားပြည်နယ်မှာ ဒုတိယမြောက် Chip စက်ရုံထပ်တည်မယ့် စီမံကိန်းအကြောင်း ကြေညာလိုက်ပါတယ်။
AZCentral ရဲ့ သတင်းအရ အမေရိကန်အစိုးရနဲ့ TSMC တို့ရဲ့ အရီဇီုးနားစက်ရုံသစ် စီမံကိန်းကြောင့် TSMC ရဲ့ ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုဟာ ဒေါ်လာ ၁၂ ဘီလျံကနေ ဘီလျံ ၄၀ အထိ ရှိလာမယ်လို့ ဆိုပါတယ်။ လက်ရှိအနေအထားအရ အမေရိကန်ဟာ Semiconductor လိုအပ်ချက်အတွက် ပြင်ပသွင်းအားစုတွေပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။
Photo: globalsmt
အရီဇိုးနားပြည်နယ် ဖီးနစ်မှာပဲ TSMC ဟာ ဒေါ်လာ ၁၂ ဘီလျံ သုံးစွဲပြီး Chip စက်ရုံသစ် တည်ဆောက်ထားပါတယ်။ ဒီစက်ရုံကို ၂၀၂၄ ခုနှစ်ထဲမှာ စတင် လည်ပတ်ဖို့ မျှော်လင့်ထားပြီး ၂၀၂၆ ခုနှစ်မှာ ဒုတိယမြောက် စက်ရုံကို ဖွင့်လှစ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ စက်ရုံနှစ်ရုံပေါင်းရဲ့တစ်နှစ်တာ Chip Wafer ထုတ်လုပ်မှုဟာ ၆ သိန်းခန့် ရှိလာနိုင်ပါတယ်။
“ပမာဏအရဆို ဒီစက်ရုံနှစ်ရုံ တည်ဆောက်ပြီးစီးသွားတဲ့အခါ အမေရိကန်ချပ်စ်တွေအတွက် တစ်နိုင်ငံလုံး ဝယ်လိုအားကို ပြည့်မှီအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။” လို့အမျိုးသား စီးပွားရေးရာ ကောင်စီမှ ရွန်းနီ ချက်တာဂျီက ပြောပါတယ်။ ချပ်စ်လိုအပ်ချက်အတွက် တခြားဘယ်သူ့ကိုမှလည်း အားကိုးစရာ မလိုတော့ဘူးလို့လည်း သူက ပြောပါတယ်။
TSMC ဟာ စက်ရုံသစ်တွေအတွက် ဒေါ်လာ ဘီလျံ ၄၀ အထိ သုံးစွဲသွား မှာ ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ CHIPS နဲ့ သိပ္ပံဆိုင်ရာအက်ဥပဒေအရ အမေရိကန်နိုင်ငံအတွင်း Semiconductor ထုတ်လုပ်ရေးကနေ အစိုးရဆီက အထောက်အပံ့တချို့လည်း ရလာဖို့ရှိပါတယ်။ CHIPS နဲ့ သိပ္ပံအက်ဥပဒေထဲမှာ နိုင်ငံအတွင်း Semiconductor ထုတ်လုပ်ရေးပိုင်း ရင်းနှီးမြှပ်နှံသူတွေအတွက် ချေးငွေနဲ့ အမတော်ကြေး ဒေါ်လာ ၅၂.၇ ဘီလျံ လျာထားပြီး အခွန်သက်သာခွင့်တွေလည်း စီစဉ်ပေးထားပါတယ်။
Photo: thetelegraph
အမေရိကန်အစိုးရဟာ နိုင်ငံအတွင်း Semiconductor ထုတ်လုပ်ရေးကို အားပေးနေပြီး သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် TSMC ရဲ့ ပထမစက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီ လာရောက်လည်ပတ်သွားပါတယ်။ ၂၀၂၆ မှာ လည်ပတ်မယ့် ဒုတိယမြောက် TSMC စက်ရုံသစ်ဟာ အဆင့်မြင့် 3 Nanometer Chips တွေ ထုတ်လုပ်လာဖို့ ရှိပါတယ်။ မကြာသေးခင်က TSMC ရဲ့ ထုတ်ပြန်ချက်အရ ပထမတည်ဆောက်နေတဲ့ စက်ရုံဟာ 5nm Wafers အစား 4nm ကို ထုတ်လုပ်မယ်လို့ ဖော်ပြထားပါတယ်။
Apple ကုမ္ပဏီဟာ TSMC ရဲ့ အကြီးဆုံးဖောက်သည်တစ်ဦးဖြစ်ပြီး အနာဂါတ် iPhone တွေနဲ့ Mac ထုတ်ကုန်တွေမှာ အမေရိကန်ထုတ် TSMC Chips တွေပဲ သုံးတော့မယ်လို့ ကုမ္ပဏီ CEO တင်မ်ကွတ်ကိုယ်တိုင်က အတည်ပြုထားပါတယ်။ Apple အပြင် NVIDIA ကလည်း TSMC အရီဇိုးနားစက်ရုံထုတ် Chip တွေကို ဦးဦးဖျားဖျား အသုံးပြုသွားဖို့ ရှိပါတယ်။