ဖီလာဒီဖီးယားအခြေစိုက် Ghost Robotics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

စက်ရုပ်တွေကို လုံခြုံရေးကင်းလှည့်စနစ်အဖြစ် အသုံးပြုတော့မှာပါ။ 

အမေရိကန်အာကာသတပ်ဖွဲ့ Space Force ဟာ ခွေးစက်ရုပ်တွေ သုံးပြီး Cape Canaveral အာကာသယာဉ်လွှင့်တင်ရေးစခန်း လုံခြုံရေးကိစ္စတွေ လုပ်ဆောင်ဖို့ သရုပ်ပြုစမ်းသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခွေးစက်ရုပ်တွေကို ပုံမှန်လုပ်ငန်းတာဝန်တွေနဲ့ အန္တရာယ်မြင့်အလုပ်တာဝန်တွေမှာ လူအစား လုပ်ဆောင်ဖို့ အစားထိုး အသုံးပြုရေး စတင်လာတာပါ။ 



Cape Canaveral မှာ ကင်းလှည့်ဖို့အတွက် ခွေးစက်ရုပ် သရုပ်ပြအသုံးပြုမှုကို ဇူလိုင် ၂၇ ရက်နေ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး Space Force ဘက်ကလည်း မြေပြင်မှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေတဲ့ ခွေးစက်ရုပ်နှစ်ကောင်ရဲ့ ဓါတ်ပုံတွေ မျှဝေခဲ့ပါတယ်။ ဒီစက်ရုပ်တွေကို တရားဝင်အခေါ်အရ Ghost Robotics Quadruped Unmanned Ground Vehicles (Q-UGV) လို့ ခေါ်ပြီး ဖီလာဒီဖီးယားအခြေစိုက် Ghost Robotics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ 



"သူတို့ (ခွေးစက်ရုပ်တွေ) ကို ဘယ်အရာကမှ တားလို့ မရဘူး။ လဲကျရင် ၊ ချော်လဲရင်လည်း ပြန်ထနိုင်စွမး်ရှိသလို ကျွန်တော်တို့ရဲ့ Blind-Mode အော်ပရေးရှင်း နည်းပညာတွေ သုံးပြီး ပျက်သွားတဲ့အနေအထားမှာလည်း ဆက်ပြီး လှုပ်ရှားနိုင်ပါမယ်" လို့ Ghost Robotics ဝက်ဘ်ဆိုက်က ရေးထားပါတယ်။ 

ခွေးစက်ရုပ်တွေမှာ အသံနဲ့ အမြင်အာရုံဆိုင်ရာ ထောက်လှမ်းနိုင် အာရုံခံ Sensor တွေ ပါရှိပြီး လူသား ထိန်းချုပ်သူ Human Controller နဲ့ ထိန်းချုပ်စေခိုင်းနိုင်သလို သူ့အလိုအလျောက်လည်း လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ Space Force ရဲ့ ထုတ်ပြန်ချက်အရ ‌Q-UGV ခွေးစက်ရုပ်တွေကို manual ကိစ္စတွေနဲ့ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေအတွက် ရည်ရွယ်ထားပြီး ထိခိုက်မှုတွေ လျှော့ချဖို့နဲ့ ကင်းလှည့်တဲ့ကိစ္စတွေမှာ လူအတွက် အချိန်ကုန်သက်သာစေဖို့ ထုတ်ထားတာလို့ သိရပါတယ်။  

Boston Dynamics လို ကုမ္ပဏီတွေဟာ ခွေးစက်ရုပ်တွေကို အရပ်ဘက်နဲ့ အရေးပေါ်ကိစ္စရပ်တွေမှာ အသုံးပြုဖို့ စီစဉ်နေချိန်မှာ Ghost Robotics လို ကုမ္ပဏီတွေကတော့ ဒီနည်းပညာကို စစ်ဘက်ရေးရာတွေမှာ အသုံးပြုနိုင်အောင် တီထွင်နေပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကလည်း အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ဖို့ နည်းပညာသစ်တွေ အသုံးပြုတော့မယ်လို့ ဆိုပါတယ်။ 


ပြည်ထဲရေးဝန်ကြီးဌာန DHS ဟာ ခွေးပုံစံ စက်ရုပ်တွေနဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ပတ္တရောင်လှည့်သွားမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို အလိုအလျောက်စနစ်သုံး မြေပြင်စောင့်ကြည့်ရေးသုံး ယာဉ်များလို့ တရားဝင်နာမည်ပေးထားတယ်လို့လည်း CNN သတင်းက ဆိုပါတယ်။ခြေထောက်လေးချောင်းပါပြီး ကြမ်းတမ်းဆိုးဝါးတဲ့ လမ်းကြောင်းတွေမှာ ကုပ်ကတ်တက်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီစက်ရုပ်တွေဟာ ခြိမ်းခြောက်မှုနဲ့ တရားမဝင်မှောင်ခိုပစ္စည်း တင်သွင်းမှုကိုလည်း ထောက်လှမ်းရှာဖွေနိုင်သလို ပြင်းထန်တဲ့အပူချိန်နဲ့ မြွေပွေးမြွေဟောက်ရန်ကိုလည်း စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ 



စက်ရုပ်တွေကို ကင်းလှည့်ရေးနဲ့ လုံခြုံရေးတွေမှာ သုံးသွားမှာ ဖြစ်ပေမယ့် လက်နက်အဖြစ် အသုံးချမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ခေါင်းပေါ် Submachine Gun သေနတ်တပ်ထားတဲ့ ခွေးစက်ရုပ်တစ်ရုပ်ရဲ့ ဗွီဒီယိုဖိုင်ကို Twitter ပေါ် မျှဝေခဲ့ကြပြီး ဒီအပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က