အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ REvil ဟက်ကာအဖွဲ့ကို ရုရှား FSB အဖွဲ့က ဖမ်းဆီးဖြိုခွဲလိုက်တယ်လို့ ဆိုပါတယ်။
ရုရှားပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FSB ဟာ REvil ဟက်ကာအဖွဲ့ဝင်ပေါင်းများစွာကို ဖမ်းဆီးလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်တာပါ။ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း FSB က ဖမ်းပေးလိုက်တာ ဖြစ်ပြီး ဒါဟာ ရုရှားနဲ့အမေရိကန်အစိုးရအေဂျင်စီတွေအကြားက ရှားရှားပါးပါး ပူးပေါင်းလုပ်ဆောင်မှုတစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
Photo: BBC
ရုရှားသတင်းဌာန Interfax ရဲ့ အဆိုအရ FSB ဟာ REvil အဖွဲ့ဝင် ၁၄ ဦးကို ဝင်ရောက်ဖမ်းဆီးရာမှာ ဒေါ်လာ ၆ သိန်းကျော်တန် Cryptocurrency နဲ့ တန်ဖိုးကြီး ဇိမ်ခံကား ၂၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ရုရှားရူဘယ် ၄၂၆ သန်း (ဒေါ်လာ ၅.၆ သန်း) ပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။ FSB ဟာ စစ်ဆင်ရေးရလဒ်ကိုလည်း အမေရိကန်အာဏာပိုင်တွေကို အသိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ ရုရှား Ransomware ဂိုဏ်းအဖွဲ့ဝင်တွေကို အမေရိကန်ဆီ လွှဲပြောင်းပေးအပ်မလားဆိုတာတော့ မသိရသေးပါဘူး။ REvil ဟက်ကာအဖွဲ့ဟာ ထောင်ဒဏ် ၇ နှစ်အထိ ကျခံနိုင်တဲ့အမှုကို ကျူးလွန်ထားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက REvil အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရုံးတင်ချိန်က အမေရိကန်ရှေ့နေချုပ် မားရစ်ခ်ဂါးလန်းက REvil အဖွဲ့ကျူးလွန်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာတလွှားက ကွန်ပျူတာသုံးသူတွေဟာ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ စက်တွေ ပြန်သုံးနိုင်ဖို့ အနည်းဆုံး ဒေါ်လာ သန်း ၂၀၀ လောက် ငွေပေးပြီး ရွေးခဲ့ရတယ်လို့ ပြောပါတယ်။
Ransomware တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဒီဟက်ကာအဖွဲ့အကြောင်း သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးထုတ်ထားတာပါ။ ရုရှားနိုင်ငံပိုင် သတင်းဌာန Tass ရဲ့ အဆိုအရ REvil ဟက်ကာအဖွဲ့ဟာ အဖျက်အမှောက်ဆော့်ဖ်ဝဲလ်တွေ ဖန်တီးခဲ့ပြီး နိုင်ငံခြားသားတွေရဲ့ ဘဏ်အကောင့်တွေကနေ ငွေတွေ ခိုးထုတ်ဖို့ စီစဉ်ခဲ့ယ်လို့ ဆိုပါတယ်။