အမေရိကန် ဂီတဖျော်ဖြေပွဲအတွင်း လူအုပ်စု တိုးဝှေ့လဲပြိုကျမှုကြောင့် သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် ရက်ပ်အဆိုတော် ထရာဗစ်စကော့နဲ့ အခြား ပွဲစီစဥ်သူတွေကို လူ ၁၂၅ ဦးက အမေရိကန်ဒေါ်လာ သန်း ၇၅၀ ထိခိုက်နစ်နာကြေးရလိုကြောင်း တရားစွဲဆိုထားပါတယ်။
၎င်းတို့အနက် သေဆုံးသူ ၁၀ ထဲမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Axel Acosta ရဲ့ မိသားစုလည်း ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ထရာဗစ်စကော့ရဲ့ Astroworld Festival ဂီတဖျော်ဖြပွဲမှာ လူအုပ်စု တိုးဝှေ့လဲကျမှုကြောင့် ကနဦး လူ ၈ ဦး သေဆုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ နှစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
(ရက်ပ်အဆိုတော် ထရာဗစ်စကော့) (Photo: Getty Images)
ထရာဗစ်စကော့ (Travis Scott) နဲ့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ပရိသတ်အံ့အားသင့်ရန် လာရောက်ဖျော်ဖြေခဲ့တဲ့ ကနေဒါ ရက်ပ်အဆိုတော် ဒရက်ခ် (Drake) တို့ဟာ အသက်မဲ့ရုပ်အလောင်းတွေကို လူအုပ်စုထဲကနေ ဖြတ်သန်းသယ်ဆောင်သွားတာတွေ့ပေမဲ့ သီဆိုဖျော်ဖြေနေခဲ့ကြတယ်လို့ တရားစွဲဆိုမှုမှာ ပြောထားပါတယ်။ ထရာဗစ်စကော့ကတော့ စင်ပေါ်ကနေ ဆင်းလာတဲ့အထိ ထိုအဖြစ်ဆိုးကို သတိမပြုခဲ့မိဘူးလို့ ဆိုပါတယ်။
ထိုဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် သေဆုံးသူတွေရဲ့ မိသားစုတွေကို ကူညီရန်ဆောင်ရွက်နေတယ်လို့ အမေရိကန် ရက်ပ်အဆိုတော်က ပြောခဲ့ပါတယ်။ ထရာဗစ်စကော့နဲ့ တွဲဖက်ဖျော်ဖြေခဲ့တဲ့ ဒရက်ခ်ကလည်း "ဂီတဖျော်ဖြေပွဲ ဖြစ်ရပ်ဆိုးအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေအတွက်နဲ့ ထိခိုက်ခံစားရသူ အားလုံးအတွက် ကြေကွဲဝမ်းနည်းရပါတယ်" လို့ ဆိုပါတယ်။
(Astroworld Festival ဂီတပွဲမြင်ကွင်း) (Photo: Getty Images)
တရားစွဲတဲ့ နစ်နာသူတွေက Astroworld Festival ဂီတပွဲနဲ့ ဆက်စပ်နေတဲ့ Live Nations ဖျော်ဖြေရေးကုမ္ပဏီ ၊ နည်းပညာကုမ္ပဏီကြီး Apple ၊ ထရာဗစ်စကော့ရဲ့ Epic and Cactus Jack ၊ ဟူစတန်မြို့ရှိ NRG Park ပွဲကျင်းပနေရာ၊ လုံခြုံရေးနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ယူထားတဲ့ ကုမ္ပဏီတွေကိုလည်း ထည့်သွင်းတရားစွဲဆိုခဲ့ပါတယ်။
ဂီတပွဲမှာ လူအုပ်စု တိုးဝှေ့လဲပြိုကျပြီး ထိန်းမနိုင်ဘဲ ဝရုန်းသုန်းကားဖြင့် လူတွေ သေလုမြောပါးဖြစ်နေစဥ် မိနစ် ၄၀ နီးပါး ဆက်လက် သီဆိုဖျော်ဖြေနေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ယခု တရားစွဲဆိုမှုအပြင် ဂီတပွဲဖြစ်ရပ်မှာ အသက်မသေသူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေက နောက်ထပ် ဒါဇင်နဲ့ချီတဲ့ တရားစွဲဆိုထားမှုတွေ ရှိနေခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။