အသုံးပြုသူအချက်အလက် လုံခြုံရေးအလေးအနက်ထားတယ်လို့ ဆိုပါတယ်။

ByteDance ကုမ္ပဏီဟာ အမေရိကန်မှာ နေထိုင်တဲ့ TikTok အသုံးပြုသူအများအပြားရဲ့ အချက်အလက် ရယူတဲ့ ဝန်ထမ်း ၄ ဦးကို အလုပ်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။ 

ဂျာနယ်လစ်တွေအပါအဝင် အမေရိကန် TikTok အသုံးပြုသူအများအပြားရဲ့ အချက်အလက်ကို ရယူမှုနဲ့ ဝန်ထမ်းတွေကို အလုပ်က ထုတ်လိုက်တာဖြစ်တယ်လို့ The New York Times က ဖော်ပြပါတယ်။ The New York Times သတင်းအရ ပြင်ပဥပဒေအကျိုးဆောင်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်တဲ့ စုံစမ်းစစ်ဆေးမှုထဲမှာ ဒီဝန်ထမ်းတွေဟာ သတင်းထောက်တွေကို သတင်းပေးတဲ့အရင်းအမြစ်တွေရဲ့ တည်နေရာကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့ ပြောထားပါတယ်။ 




Photo: The New York Times

သုံးစွဲသူအချက်အလက် ဝင်ရောက်ရယူမှုနဲ့ အလုပ်ထုတ်ခဲ့ရတဲ့ ByteDance ဝန်ထမ်း ၄ ဦးထဲမှာ ၂ ဦးဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပြီး ကျန်တဲ့ နှစ်ဦးကတော့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance တည်ရှိရာ တရုတ်ပြည်က ဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ BuzzFeed News သတင်းထောက်တစ်ဦး နဲ့ Financial Times ရဲ့ နည်းပညာသတင်းထောက် ခရစ္စတီးနား ခရစ်ဒဲလ်တို့ရဲ့ TikTok အကောင့်နဲ့ ချိတ်ဆက်နေတဲ့ တခြားဒေတာတွေ နဲ့ IP Address တွေကို ရယူရာမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ ဝန်ထမ်းတွေကို ဆန်းစစ်ခဲ့ပါတယ်။ 

ဒီလေ့လာမှုအရ ဝန်ထမ်းတွေဟာ ဂျာနယ်လစ်နဲ့ ပတ်သက်နေတဲ့ လူအမြောက်အများရဲ့ အချက်အလက်ကို ရယူခဲ့တယ်လို့ ပြောပါတယ်။ Forbes ရဲ့ ပြောကြားချက်အရဆို ByteDance ဟာ BuzzFeed News အတွက် အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ သတင်းထောက် ၃ ဦးကို ခြေရာခံခဲ့ပြီး ဒီသတင်းထောက်တွေဟာ TikTok ပေါ်မှာ တရုတ်အစိုးရနဲ့ ပတ်သက်ဖွယ်ရှိတဲ့ အကြောင်းအရာအပါအဝင် သတင်းတွေ တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

"ByteDance နဲ့ မသက်ဆိုင်တော့တဲ့ ဒီတစ်ဦးချင်းရဲ့ မလျော်မကန်ပြုမူမှုဟာ အသုံးပြုသူအချက်အလက် ရယူခွင့်ပေးထားတဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး တလွဲအသုံးချသွားတာ ဖြစ်ပါတယ်။ ဒီလို မဖြစ်သင့်တဲ့အပြုအမူမျိုးက လက်ခံနိုင်စရာမရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ရယူဖို့ TikTok ပေါ်မှာ ကျွန်တော်တို့ လုပ်ကိုင်နေကြတာနဲ့လည်း မကိုက်ညီပါဘူး" လို့ ByteDance က ထုတ်ပြန်ပါတယ်။ 

ByteDance ဟာ အသုံးပြုသူအချက်အလက် လုံခြုံရေး အလေးအနက် ထားနေပြီး မူလုပ်ထုံးနဲ့အညီ ဖြစ်အောင်လည်း ဆက်လက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ByteDance ရဲ့ ကုမ္ပဏီတွင်း စာရင်းစစ် နဲ့ ဘေးအန္တရာယ်ထိန်းချုပ်ရေးဌာနအဖွဲ့ဝင်တွေဟာ အမေရိကန်နိုင်ငံသားတချို့ရဲ့ တည်နေရာကို ခြေရာခံဖို့ TikTok ကို အသုံးပြုခဲ့တယ်ဆိုပြီး Forbes သတင်းက ဖော်ပြခဲ့ပါတယ်။ ByteDance ကတော့ ဌာနတွင်း ပြန်လည် ဖွဲ့စည်းမှုလုပ်ဆောင်နေပြီး အမေရိကန်အချက်အလက် ရယူမှုကို တားမြစ်ထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

Photo: Bloomberg

အမေရိကန်နိုင်ငံတလွှားမှာတော့ TikTok အသုံးပြုမှုကို တားမြစ်ဖို့ ကြိုးစားနေပြီး ဂျော်ဂျီယာ နဲ့ တက္ကဆက်အပါအဝင် ဒါဇင်နဲ့ချီတဲ့ ပြည်နယ်တွေဟာ အမေရိကန်အစိုးရပိုင်ထုတ်ကုန်တွေမှာ TikTok App ကို ပိတ်ပင်ထားကြပါတယ်။ ဒီလဆန်းပိုင်းမှာလည်း TikTok ကို အမေရိကန်စားသုံးသူရေးရာ ထုတ်ကုန်တွေကနေ TikTok ကို ထိထိရောက်ရောက် ပိတ်နိုင်မယ့် ဥပဒေုမူကြမ်းတစ်ခု ရေးဆွဲထားပြီး ဒီဥပဒေအရ TikTok အပါအဝင် တရုတ် ၊ ရုရှား ၊ ကျူးဘား ၊ အီရန် ၊ မြောက်အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေနဲ့ ဆက်စပ်တဲ့ တခြားလူမှုကွန်ရက် Apps တွေလည်း ပိတ်ပင်သွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က