ကာကွယ်ဆေးထိုးထားပြီး ခရီးမသွားမီ ၇၂ နာရီအတွင်း စစ်ဆေးမှုအရ COVID-19 ကူးစက်မှုမတွေ့ရသူတွေ ဖြစ်ရပါမယ်

အမေရိကန်နိုင်ငံက COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးတဲ့ နိုင်ငံ ၃၃ ခုမှ ခရီးသွားတွေကို နိုဝင်ဘာ ၈ ရက်နေ့မှစပြီး ဝင်ရောက်ခွင့်ပြုသွားမယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်က အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်ကြေညာမှုအရ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီး ခရီးမသွားမီ ၇၂ နာရီအတွင်း စစ်ဆေးမှုအရ COVID-19 ကူးစက်မှုမတွေ့ရသူတွေကို နိုင်ငံတွင်း ဝင်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ အမေရိကန်က ယမန်နှစ် မတ်လနောက်ပိုင်းကတည်းက ခရီးသွားဝင်ရောက်ခွင့်ပိတ်ထားခဲ့ပြီး ၁၈ လကျော် ကြာမြင့်ခဲ့ပါတယ်။



(Photo: Reuters)

အမေရိကန်ကို ခရီးသွားတွေ ပြန်ဝင်ခွင့်ပြုမယ့်နိုင်ငံတွေအဖြစ် ဥရောပ ၂၆ နိုင်ငံ၊ ဗြိတိန်၊ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ အိုင်ယာလန်နဲ့ တောင်အာဖရိကတို့ ပါဝင်ပါတယ်။ အိမ်ဖြူတော်က ကြေညာမှုအရ အမေရိကန် FDA (Food and Drug Administration) ခွင့်ပြုချက်ရ သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံမှ အရေးပေါ်သုံးစာရင်းဝင်အဖြစ် အသိအမှတ်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားပြီးသူတွေဟာ ဝင်ခွင့်ပြု့မယ့်သတ်မှတ်ချက်နဲ့ အကျုံးဝင်ပါတယ်။

ဗြိတိန်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ AstraZeneca ကာကွယ်ဆေး၊ တရုတ်နိုင်ငံထုတ် Sinovac နဲ့ Sinopharm ကာကွယ်ဆေး ထိုးထားပြီးသူတွေလည်း အမေရိကန်ကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာတဲ့ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းအပြောင်းအလဲ သတ်မှတ်ချက်အရ အကျုံးဝင်တဲ့ ခရီးသွားတွေဟာ အမေရိကန်ကို ရောက်ရှိပါက ကွာရန်တင်းဝင်ရန် မလိုအပ်ကြောင်းလည်း သိရပါတယ်။

(Photo: Getty Images)

လက်ရှိအချိန်အထိ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတွေအရ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ အီရန်၊ ဘရာဇီးနဲ့ ဥရောပနိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေထိုင်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံသားမဟုတ်သူ အများစုကို ဝင်ခွင့်ပိတ်ထားပါတယ်။ သို့သော် အမေရိကန်အစိုးရရဲ့ လက်ရှိစည်းမျဥ်းအရ COVID-19 ကူးစက်မှုနှုန်းမြင့်တက်နေတာကြောင့် ရုန်းကန်နေရတဲ့ နိုင်ငံအများအပြား အပါအဝင် အခြား နိုင်ငံ ၁၅၀ မှ ခရီးသည်တွေကိုတော့ အမေရိကန်ကို လွတ်လပ်စွာ ဆက်လက် ဝင်ရောက်ခွင့်ပြုထားခဲ့ရာ အငြင်းပွားမှုတွေ ဖြစ်နေခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က