ပိုထိရတဲ့ ကာကွယ်ဆေးတွေ သို့မဟုတ် သတ်မှတ်ကုထုံးတွေ မရှိဘဲ ခရီးသွားလာမှုတွေကို ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်

တရုတ်နိုင်ငံဟာ ကပ်ရောဂါတိုက်ဖျက်ရေး ၎င်းရဲ့ လုံးဝ သည်းမခံတဲ့ မူဝါဒတွေကို ရုပ်သိမ်းပြီး ခရီးသွားလာမှု ထိန်းချုပ်ကန့်သတ်ချက်တွေ ပယ်ဖျက်ပေးလိုက်ပါက တစ်ရက်လျှင် COVID-19 ကူးစက်မှု ၆၃၀,၀၀၀ ကျော် တွေ့ကြုံလာရနိုင်ကြောင်း Peking တက္ကသိုလ် သင်္ချာပညာရှင်တွေရဲ့ လေ့လာတွက်ချက်မှုတစ်ခုက ဆိုပါတယ်။

တရုတ် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ထုတ်ဝေတဲ့ China CDC Weekly မှာ ဖော်ပြထားတဲ့ အဆိုပါ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံအနေနဲ့ ပိုမိုထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ သို့မဟုတ် သတ်မှတ်ကုထုံးတွေ မရှိဘဲ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်တွေကို ပယ်ဖျက်နိုင်မှာမဟုတ်ဘူးလို့ သင်္ချာပညာရှင်တွေက ပြောထားပါတယ်။



(Photo: Reuters)

တရုတ်သင်္ချာပညာရှင်တွေက အမေရိကန်၊ ဗြိတိန်၊ စပိန်၊ ပြင်သစ်နဲ့ အစ္စရေးတို့ထံမှ အချက်အလက်တွေကို အသုံးပြုပြီး တရုတ်နိုင်ငံအနေနဲ့ ထိုနိုင်ငံတွေရဲ့ ကပ်ရောဂါထိန်းချုပ်ရေး နည်းဗျူဟာတွေအတိုင်း ဆောင်ရွက်ပါက ဖြစ်လာနိုင်တဲ့ အခြေအနေကို တွက်ချက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုသို့ တွက်ချက်ရာမှာ အမေရိကန်ရဲ့ ကပ်ရောဂါဆိုင်ရာ မဟာဗျူဟာကို ကျင့်သုံးပါက တရုတ်နိုင်ငံရဲ့ နေ့စဥ် ကူးစက်မှုဟာ အနည်းဆုံး ၆၃၇,၁၅၅ ခု ဖြစ်လာမယ်လို့ အစီရင်ခံစာက ပြောပါတယ်။

အကယ်၍ ဗြိတိန်ရဲ့နည်းဗျူဟာအတိုင်း ဆောင်ရွက်ပါက တရုတ်မှာ တစ်ရက်လျှင် ကူးစက်မှု ၂၇၅,၇၉၃ ခုနဲ့ ပြင်သစ်အတိုင်း လုပ်ဆောင်ပါက တစ်ရက်လျှင် ကူးစက်မှု ၄၅၄,၁၉၈ ခု ရှိလာနိုင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ "ခန့်မှန်းမှုတွေဟာ ကျန်းမာရေးစောင့်‌ရှောက်မှုစနစ် သေချာသလောက်နီးပါး မနိုင်မနင်းဖြစ်စေတဲ့ ဧရာမကူးစက်ဖြစ်ပွားမှုကြီးတစ်ခုရဲ့ တကယ့်ဖြစ်နိုင်ခြေကို ထုတ်ဖော်ခဲ့တာပါ" လို့ သင်္ချာပညာရှင်တွေရဲ့ အစီရင်ခံစာက ဆိုပါတယ်။

(Photo: Business Today)

ယခုတွေ့ရှိမှုတွေအရ လက်ရှိအချိန်ဟာ ကာကွယ်ဆေးထိုးခြင်းဖြင့် လူထုကြား ကိုယ်ခံစွမ်းအားရပြီး ကူးစက်မှုကနေ ကာကွယ်နိုင်ကြောင်း အယူအဆအရ အနောက်နိုင်ငံအချို့က အားပေးနေတဲ့အတိုင်း နိုင်ငံကို ပြန်ဖွင့်ရန် အဆင်သင့်မဖြစ်သေးကြောင်း ရှင်းလင်းတဲ့ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့ကြောင်း သင်္ချာပညာရှင်တွေက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

သင်္ချာပညာရှင်တွေက ၎င်းတို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအပြင် ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ပါက ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါ ဆင့်ကဲဖြစ်စဥ်ကို လေ့လာရန်လိုအပ်ကြောင်း သတိပြုရန်လည်း ထောက်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ COVID-19 နဲ့ ပတ်သက်ပြီး လုံးဝ သည်းမခံတဲ့ မူဝါဒဖြင့် ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်နေခဲ့ပါတယ်။

(Photo: AP)

နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ တရုတ်မှာ ကူးစက်ခံရသူ ၂၃ ဦးရှိခဲ့ရာ ရှေ့တစ်ရက်မှာ ၂၅ ဦး တွေ့ရှိရာကနေ လျော့ကျသွားကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ပြောပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေဟာ ၂ နှစ်နီးပါးရှိခဲ့ပြီးဖြစ်ပါတယ်။

လတ်တလော ရက်ပိုင်းအတွင်းမှာလည်း တောင်အာဖရိကမှာ ထွက်ပေါ်လာပြန်တဲ့ ဗီဇပြောင်း အိုမစ်ခရွန် ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ကမ္ဘာတစ်ဝန်း စိုးရိမ်ပူပန်မှုများ တိုးလာနေပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှုတွေကို ပိတ်ပင်ခြင်း သို့မဟုတ် ကျန်းမာရေးစည်းမျဥ်း တင်းကျပ်ခြင်းတို့ အလျင်အမြန် လုပ်ဆောင်နေကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က