အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ လွှတ်တော်အမတ် အမျိုးသမီးတစ်ဦးကို နေ့ခင်းကြောင်တောင် သေနတ်နဲ့ထောက်ပြီး ၎င်းရဲ့ကားနဲ့ ပစ္စည်းများ လုယူမှုဖြစ်ပွားခဲ့ပါတယ်။
ထိုဖြစ်ရပ်အတွင်း လုယူခံရတဲ့ပစ္စည်းတွေအနက် လွှတ်တော်အမတ် Mary Gay Scanlon ရဲ့ အစိုးရဖုန်းနဲ့ အိုင်ဒီကတ်လည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်အမတ် အမျိုးသမီးကို လုယက်သူနှစ်ဦးက သေနတ်နဲ့ထောက်ပြီး ကားနဲ့ပစ္စည်းတွေ ယူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် လွှတ်တော်အမတ် အမျိုးသမီးဟာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိဘူးလို့ ၎င်းရဲ့ရုံးက ပြောပါတယ်။
(လွှတ်တော်အမတ် Mary Gay Scanlon) (Photo: Getty Images)
ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး လုယက်သူတွေကို ရှာဖွေဖမ်းဆီးရန် FBI က ကူညီပေးနေကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ အခြားမြို့တွေကဲ့သို့ပင် ဖီလာဒဲလ်ဖီးယားမှာလည်း ပြီးခဲ့တဲ့နှစ်အတွင်း အကြမ်းဖက်ရာဇဝတ်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၂ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်တစ်ဦး သေနတ်ထောက် လုယက်ခံခဲ့ရကြောင်းနဲ့ ဆိုးရွားတဲ့ စိတ်ပျက်ဖွယ်ရာဖြစ်ရပ်လို့ ဖီလာဒဲလ်ဖီးယားမြို့ မြို့တော်ဝန် Jim Kenney က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
လွှတ်တော်အမတ် Mary Gay Scanlon ဟာ ဖီလာဒဲလ်ဖီးယားတောင်ပိုင်းရှိ Franklin Delano Roosevelt Park (FDR Park) ပန်းခြံကို သွားရောက်ခဲ့ပြီးနောက် ၎င်းရဲ့ 2017 Acura MDX ကားဆီသို့ တစ်ဦးတည်း လမ်းလျှောက်ပြန်လာစဥ် လုယက်သူ အမျိုးသားနှစ်ဦးက သေနတ်ထောက်ပြီး ကားနဲ့ပစ္စည်းတွေ လုယက်ယူဆောင်သွားခဲ့ကြပါတယ်။ လွှတ်တော်အမတ်ဟာ FDR Park ကို အလုပ်ကိစ္စ အစည်းအဝေးတစ်ခုအတွက် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
(ပြန်ရှာတွေ့ခဲ့သည့် လွှတ်တော်အမတ်ရဲ့ကား) (Photo: NBC Philadelphia)
အမျိုးသားနှစ်ဦးပါရှိတဲ့ အမည်းရောင် SUV ကားတစ်စီးက ၎င်းရဲ့အနီး ချဥ်းကပ်လာခဲ့ပြီးနောက် ကားသော့နဲ့ ပစ္စည်းတွေကို တောင်းခဲ့တယ်လို့ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာတော့ လွှတ်တော်အမတ်ရဲ့ကားကို FBI က ခြေရာခံခဲ့မိပြီး ထိုကားထဲမှာရှိနေခဲ့တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း NBC Philadelphia သတင်းက ပြောပါတယ်။ လွှတ်တော်အမတ်ရဲ့ကားကို ဒီလာဝဲပြည်နယ် Newark မြို့ရှိ ကိုယ်ကာယလေ့ကျင့်ရေးစင်တာတစ်ခုရှေ့မှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
CBS News သတင်းမှာ ဖော်ပြမှုအရ ဖီလာဒဲလ်ဖီးယားမြို့မှာ ၂၀၂၁ ခုနှစ်အတွင်း ကားလုယူမှုများ ၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖီလာဒဲလ်ဖီးယားမှာ သေနတ်ထောက် လုယက်မှုတွေဟာ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဥ်ပါက ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ ဖီလာဒဲလ်ဖီးယားမှာ ယခုနှစ်အတွင်း လူသတ်မှု ၅၄၄ မှုအထိ စံချိန်တင်ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၃၄၇ မှုကနေ မြင့်တက်လာခဲ့ကြောင်း Wall Street Journal က ဖော်ပြထားပါတယ်။
(FDR ပန်းခြံမြင်ကွင်းတစ်ခု) (Photo: Google Maps / NY Post)
ဒီဇင်ဘာ ၂၂ ရက်နေ့က သေနတ်နဲ့ထောက်ပြီး ကားနဲ့ပစ္စည်းတွေ လုယက်ခံရတဲ့ အသက် ၆၂ နှစ်အရွယ် Mary Gay Scanlon ဟာ ၂၀၁၈ ခုနှစ်မှာ လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းကို ပူးပေါင်းကူညီခဲ့သူလည်း ဖြစ်ပါတယ်။ ချီကာဂိုမြို့စွန်တစ်နေရာမှာ နောက်ထပ် အမေရိကန်လွှတ်တော်အမတ်တစ်ဦးကို သေနတ်နဲ့ထောက်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့ပြီးနောက် ၂၄ နာရီမျှအကြာမှာ ဖီလာဒဲလ်ဖီးယားမြို့မှာ လွှတ်တော်အမတ် Mary Gay Scanlon လည်း အလားတူ လုယက်မှုကြုံခဲ့ရတာ ဖြစ်ပါတယ်။