အမေရိကန်နိုင်ငံသားတွေရဲ့ ထက်ဝက်ကျော်ဟာ Android ဖုန်းအစား iPhone သုံးနေကြပြီလို့ ဆိုပါတယ်။
CounterPoint Research ရဲ့ အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုအတွင်း အသုံးပြုနေတဲ့ စမတ်ဖုန်းတွေရဲ့ တစ်ဝက်ကျော်ဟာ Apple ထုတ် iPhone တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဇွန်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးကာလသုံးလပတ်အတွင်း အမေရိကန်မှာ iPhone အသုံးပြုသူဦးရေဟာ ၅၀% ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ Google ရဲ့ Android Operating System သုံး စမတ်ဖုန်းအမှတ်တံဆိပ် ၁၅၀ ဝန်းကျင်ထဲမှာမှ Samsung နဲ့ Lenovo က အမေရိကန်ဈေးကွက်မှာ ဦးဆောင်နေပါတယ်။
၂၀၀၇ ခုနှစ်က စတင်ဖြန့်ချိလာခဲ့တဲ့ iPhone တွေဟာ ဇွန်လ သုံးလပတ် Quarter အပြီးမှာ အမေရိကန်စမတ်ဖုန်းဈေးကွက်ထဲ အမြင့်ဆုံးဈေးကွက်ဝေစုကို ရလာခဲ့တာလည်း ဖြစ်ပါတယ်။ စမတ်ဖုန်းသစ် တင်ပို့မှုတွေက ထုတ်ကုန်သစ်မိတ်ဆက်မှုပေါ် မူတည်ပြီး သုံးလပတ်အလိုက် အတက်အကျရှိနိုင်ပေမယ့် တကယ်ပုံမှန်တပ်ဆင်အသုံးပြုနေတဲ့ User Base က ဖုန်းတစ်လုံးရဲ့ လူကြိုက်များမှုကို တိုင်းတာဖို့အတွက် ပိုပြီး နီးစပ်မှန်ကန်မှုရှိနိုင်ပါတယ်။
iPhone တပ်ဆင်အသုံးပြုမှုတိုင်းဟာ Apple အတွက် ဝင်ငွေဆက်တိုက်ပေးနေတယ်လို့လည်း CSS Insight သုံးသပ်လေ့လာသူ ဘန်ဝုဒ်စ်က ပြောပါတယ်။
"iPhone တစ်လုံးကို တစ်ပတ်ရစ်ပဲ ဖြစ်ဖြစ် နှစ်ပတ်ရစ် ၊ သုံးပတ်ရစ် ဘယ်လိုပဲ ဖြစ်ပါစေ။ ဝယ်တဲ့သူတွေက Apple ကို ပိုက်ဆံပေးနေရတယ်။ ဘယ်လိုပေးရသလဲဆိုရင် iCloud သုံးတာ Apple Music သုံးတာ ၊ Apple Pay နဲ့ ငွေချေတာ ဒါမျိုး Apps တွေ သုံးရင်းနဲ့ ပိုက်ဆံပေးနေရတာပါ။ ဒီစီးပွားရေးပုံစံမျိုးကို တခြားဘယ်သူမှ ပုံတူလာကူးလို့ မရနိုင်ဘူး" လို့လည်း သူက ပြောပါတယ်။
Apple ဟာ iPhone ရောင်းချမှုကအပြင် Services စီးပွားရေးကနေပါ အမြတ်အစွန်းနဲ့ ဝင်ငွေ သဲ့ယူနေတာ ဖြစ်ပါတယ်။ Apple ရဲ့ အမြတ်မာဂျင်တစ်ခုလုံး ၃၇-၃၈% ရှိနေချိန်မှာ Services စီးပွားရေးက ရတဲ့ အမြတ်မာဂျင်က ၇၀% ကျော်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ CounterPoint အချက်အလက်တွေအရဆို Apple ဟာ ကမ္ဘာ့ပရီမီယံတန်း တန်ဖိုးကြီးစမတ်ဖုန်းဈေးကွက်မှာပါ နံပါတ်တစ်နေရာက လွှမ်းမိုးထားတယ်လို့ဆိုပါတယ်။
ပရီမီယံတန်း စမတ်ဖုန်းတွေကို Counterpoint က ဒေါ်လာ ၄၀၀ နဲ့ အထက်ဈေးနဲ့ ရောင်းချတဲ့ ဖုန်းတွေအဖြစ် သတ်မှတ်ပါတယ်။ ဒီလို ဈေးကွက်မျိုးမှာ Apple ဟာ ကမ္ဘာ့ပရီမီယံဈေးကွက်ရဲ့ ၅၇% ကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ဒေါ်လာ ၁၀၀၀ နဲ့ အထက် Ultra-Premium ထိပ်တန်းတန်ဖိုးမြင့်ဖုန်းဈေးကွက်မှာဆို Apple ဟာ ဈေးကွက်ဝေစုရဲ့ ၇၈% အထိ ရထားတာ ဖြစ်ပါတယ်။ iPhone ရောင်းချမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဩဂုတ်လထဲမှာ Apple ကို ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံတန် လုပ်ငန်းအဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။
Apple ဟာ လာမယ့်စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့မှာလည်း Redesign သစ်နဲ့ တန်ဖိုးမြင့် iPhone 14 သစ်တွေကို မိတ်ဆက်သွားမယ်လို့ ကြေညာထားပါတယ်။ စက်တင်ဘာ iPhone မိတ်ဆက်ပွဲမှာတော့ Apple Watch Series 8 စမတ်ဖုန်းတွေလည်း မိတ်ဆက်လာနိုင်ပါတယ်။