အင်တာမိုင်ယာမီ ကစားသမား မက်ဆီရဲ့ အသင်းသစ်နဲ့ ပထမဆုံးပွဲကို ရုပ်သံကကြည့်ရှုခဲ့တဲ့ ပရိသတ်အရေအတွက်က အမေရိကန်ဘောလုံးလောကမှာ အများဆုံးအဖြစ် စံချိန်တင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။ မက်ဆီဟာ ခရုဇ်အဇူလ်နဲ့ပွဲမှာ အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးပွဲကို ပါဝင်ကစားပေးခဲ့တာပါ။
ဒီပွဲမှာ မက်ဆီက ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းကာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီပွဲကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက နာမည်ကျော်တွေဖြစ်တဲ့ ဆီရီနာဝီလျံစ်၊ ကင်မ်ကာဒါရှီယန်နဲ့ လီဘရွန်ဂျိမ်းစ်တို့လည်း ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့ပါတယ်။
အဆိုပါပွဲအတွက် လက်မှတ်တွေကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပြီး မှောင်ခိုလက်မှတ်ဈေးကွက်တောင်မှ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ကွင်းအတွင်းမှာ မက်ဆီရဲ့ ပွဲဦးထွက်ကို လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်အရေအတွက်က (၂) သောင်းကျော်ရှိခဲ့ပြီး ရုပ်သံကနေ ကြည့်ရှုခဲ့တဲ့ ပရိသတ်ဦးရေက (၁၂.၅) သန်းဝန်းကျင်အထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။
ဒါဟာ ကြောက်မက်ဖွယ်ရာ ကိန်းဂဏန်းတစ်ခုဖြစ်ခဲ့ပြီး မက်ဆီကတော့ မေဂျာလိဂ်ရဲ့ပုံရိပ်ကို အကောင်းဆုံးဆွဲတင်နေပြီလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ “မက်ဆီက ထာဝရအကောင်းဆုံး ကစားသမား GOAT တစ်ယောက်ပဲ” “ဘယ်သူမှ ဒါမျိုးနီးစပ်အောင်တောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး” “ဒါက GOAT ကြီးရဲ့ အကျိုးသက်ရောက်မှုတွေပါပဲ”
“ဒီအရေအတွက်က NBA ဗိုလ်လုပွဲတွေကို ကြည့်ရှုခဲ့တဲ့ ပရိသတ်အရေအတွက်ထက် ပိုမိုများပြားခဲ့ပါတယ်” လို့ မှတ်ချက်ပြု ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဒီပွဲကို ဘက်ခမ်းကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး မက်ဆီရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးကို မြင်တွေ့ရချိန်မှာ မျက်ရည်တွေဝဲတဲ့အထိ ပီတိဖြစ်ကာ အောင်ပွဲခံခဲ့ပါတယ်။