အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်ပြည်နယ်မှာ စီတန်းလှည့်လည်နေတဲ့ လူအုပ်စုအတွင်းသို့ ကားတစ်စီး ဝင်တိုက်ခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: Reuters)
ဝစ်ကွန်ဆင်ပြည်နယ် Waukesha မြို့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ခရစ်စမတ်အကြို စီတန်းလှည့်လည်နေသူ လူအုပ်စုအတွင်းသို့ အနီရောင် SUV (sports utility vehicle) ကားတစ်စီးက ဝင်တိုက်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
ယခုဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူတွေအနက် အကအဖွဲ့မှ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ လူအုပ်စုကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သံယယရှိသူဟာ နောက်ထပ် အခင်းဖြစ်နေရာတစ်ခုကနေ ထွက်ပြေးလာခဲ့ပုံရကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို သိရှိထားသူ အရာရှိတစ်ဦးက BBC ရဲ့ မိတ်ဖက်သတင်းဌာန CBS News ပြောပါတယ်။
(Photo: screengrab from YouTube video / The Independent)
ယခုအချိန်မှာတော့ အဆိုပါဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်ပုံမရဘူးလို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ SUV ကားဟာ အရှိန်အပြည့်ဖြင့် စီတန်းလှည့်လည်တဲ့ လမ်းကြောင်းတစ်လျှောက် မောင်းဝင်လာခဲ့တာကြောင်း မျက်မြင်တစ်ဦးက ပြောပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ Waukesha မြို့ငယ်ဟာ လူဦးရေ ၇၂,၀၀၀ ဝန်းကျင်ရှိပြီး ဝစ်ကွန်ဆင်ပြည်နယ် Milwaukee မြို့မှ မိုင် ၂၀ ခန့်အကွာမှာ တည်ရှိပါတယ်။
လူအုပ်စုအတွင်း ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သံသယရှိသူကို ဖမ်းဆီးထားပြီး မြို့တွင်းမှာပင် SUV ကားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ Waukesha မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Dan Thompso က ဆိုပါတယ်။
(Photo: @J_Woynilko / The Independent)
"ဒီအချိန်မှာ လူ ၅ ယောက် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်၊ ကျွန်တော်တို့ နောက်ထပ် သတင်းအချက်အလက်တွေ စုဆောင်းနေတာကြောင့် ဒီအရေအတွက်က ပြောင်းလဲနိုင်ပါတယ်၊ လူအများအပြားက ကိုယ်တိုင်ပဲ ဆေးရုံသွားခဲ့ကြပါတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။