တခြားပညာရှင်တွေကလည်း အလားတူ ပြောဆိုနေကြပါတယ်

သိပ်မဝေးလှတဲ့ အနာဂါတ်မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးဆုတ်ယုတ်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က သတိပေးပြောကြားလိုက်ပါတယ်။ 

အီလွန်မတ်စ်အပါအဝင် ထိပ်တန်းဘောဂဗေဒပညာရှင် နိုရီယယ် ရော်ဘီနီ နဲ့ Goldman Sachs Group တို့ကလည်း အမေရိကန်စီးပွားရေး အကျဘက်ကို ရောက်သွားဖို့ အလားအလာ မြင့်တက်နေတယ်ဆိုပြီး သတိပေးထားကြတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုကို တန်ပြန်ဖို့ ဖက်ဒရယ်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း မြှင့်လိုက်ချိန်မှာ အခုလို ပြောကြားလာတာပါ။ 





"စီးပွားရေးကျဆင်းတာက တချိန်ချိန်မှာ ရှောင်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် မဟုတ်ပေမယ့် စီးပွားရေးကျဖို့က အလားအလာပိုများဖို့ ရှိတယ်"လို့ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကာတာစီးပွားရေးဖိုရမ်မှာ မတ်စ်က Bloomberg News အယ်ဒီတာချုပ် ဂျွန်မစ်ကလက်ဝိတ်ကို ပြောပါတယ်။ 

ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်တဲ့ အီလွန်မတ်စ်ဟာ မကြာသေးခင်ကပဲ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး အလွန့်ကို ဆိုးဝါးတဲ့ ခံစားချက် ရနေတယ်လို့ ပြောခဲ့သူ ဖြစ်ပါတယ်။ Goldman Sachs ရဲ့ ဘောဂဗေဒပညာရှင်တွေကလည်း အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းချက်တွေ ပြန်လျှော့ချခဲ့ပြီး စီးပွားရေးဆုတ်ယုတ်နိုင်ခြေ မြင့်တက်နေကြောင်း သတိပေးထားပါတယ်။

Goldman Sachs ရင်းနှီးမြှပ်နှံရေးဘဏ်အနေနဲ့ နောက်နှစ်ပိုင်းလောက်မှာ အမေရိကန်ဟာ စီးပွားရေးဆုတ်ယုတ်မှုစပြီး ကြုံနိုင်ခြေ ၃၀% ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အစောပိုင်းက ၁၅% ကနေ ၃၀% ကို တင်ပြီး ခန့်မှန်းတွက်ချက်လာတာ ဖြစ်ပါတယ်။ တကယ်လို့ ပထမနှစ်မှာ ရှောင်လွှဲနိုင်ရင် ဒုတိယနှစ်မှာ စီးပွားရေးဆုတ်ယုတ်မှုထဲ ဝင်ရောက်လာနိုင်ခြေဟာ ၂၅% ရှိမယ်လို့လည်း တွက်ချက်ထားပါတယ်။ 

ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းတွေကို တွက်ချက်ရာမှာ ကျော်ကြားတဲ့ စီးပွားရေးပညာရှင် မစ္စတာ ရော်ဘီနီကတော့ နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်နိုင်ငံ စီးပွားရေးဆုတ်ယုတ်တာကို မြင်ရဖို့ ရှိတယ်ဆိုပြီး ပြောထားပါတယ်။ 

Share

Loading Next Article...
က္က