မိသားစုရဲ့ ထုတ်ပြန်ချက်အရ ပါဝဲလ်ဟာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၈၄ နှစ်အရွယ် ကောလင်းပါဝဲလ်ဟာ COVID-19 နောက်ဆက်တွဲ ထပ်တိုးရောဂါများဖြင့် ယနေ့ (အောက်တိုဘာ ၁၈ ရက်) ကွယ်လွန်သွားကြောင်း ၎င်းရဲ့မိသားစုက ထုတ်ပြန်ပါတယ်။

ရီပတ်ဘလစ်ကင်ပါတီမှ ကောလင်းပါဝဲလ် (Colin Powell) ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ပထဆုံး အာဖရိကန်-အမေရိကန်တစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိဟောင်းလည်းဖြစ်သူ ပါဝဲလ်က သမ္မတဂျော့ဂျ်ဒဗလျူဘုရှ်လက်ထက် ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။



(Photo: Thomas Monaster/NY Daily News Archive/ Getty Images)

"ချစ်ရတဲ့ခင်ပွန်း၊ ဖခင်၊ အဘိုးနဲ့ ကြီးမြတ်တဲ့ အမေရိကန်တစ်ယောက်ကို ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရပါတယ်၊ ဂရုတစိုက် ပြုစုကုသမှုအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်" လို့ ပါဝဲလ်ရဲ့မိသားစုက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မိသားစုရဲ့ ထုတ်ပြန်ချက်အရ ပါဝဲလ်ဟာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပါဝဲလ်ရဲ့ မိဘတွေဟာ ဂျမေကာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီး ၎င်းကို ၁၉၃၇ ခုနှစ် ဧပြီ ၅ ရက်နေ့က နယူးယော့ခ်မြို့ Harlem အရပ်မှာ မွေးဖွားခဲ့ပါတယ်။ South Bronx မှာ ကြီးပြင်းခဲ့ပြီးနောက် ပါဝဲလ်ဟာ City College of New York မှာ ပညာသင်ကြားခဲ့ပါတယ်။ ပါဝဲလ်က စစ်တပ်ရဲ့ ဖွဲ့စည်းပုံနဲ့ စည်းကမ်းတွေကို နှစ်သက်သဘောကျတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

(ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်နှင့် ပါဝဲလ်) (Photo: Getty Images)

၎င်းဟာ ၁၉၅၈ ခုနှစ်မှာ အမေရိကန်စစ်တပ်ကို ဝင်ရောက်ခဲ့ပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း တောင်ဗီယက်နမ်မှာ စစ်ဆင်ရေးနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒဏ်ရာနှစ်ကြိမ် ရရှိခဲ့ပါတယ်။ ရဟတ်ယာဥ်ပျက်ကျမှုအတွင်း ဒဏ်ရာတစ်ကြိမ်ရခဲ့ပြီး ထိုစဥ်က ပါဝဲလ်ဟာ စစ်သားနှစ်ဦးကို ကယ်တင်ခဲ့ကြောင်း သိရပါတယ်။

နောက်ပိုင်းမှာ National War College သို့ တက်ရောက်ခဲ့ပြီး ထိပ်တန်းအရာရှိအဆင့် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ထို့နောက် ၁၉၈၉ ခုနှစ်မှာ ဂျော့ဂျ်ဒဗလျူဘုရှ်ရဲ့ဖခင် သမ္မတဘုရှ် (ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်) က Joint Chiefs of Staff ကို ဦးဆောင်စေခဲ့ပါတယ်။

(ပါဝဲလ်နှင့် ဂျော့ဂျ်ဒဗလျူဘုရှ်နှင့် ) (Photo: NATO)

ပါဝဲလ်ဟာ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် အစိုးရလက်ထက် ထင်ရှားခဲ့တဲ့ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းက ၁၉၈၉ ခုနှစ် ပနားမားစစ်ဆင်ရေး၊ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲနဲ့ ဆိုမာလီယာမှာ လူသားချင်းစာနာထောက်ထားမှုအရ ကြားဝင်ဆောင်ရွက်မှုတို့မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပါဝဲလ်ဟာ ထင်ရှားတဲ့ အမေရိကန်နိုင်ငံရေးသမား အများအပြားရဲ့ ယုံကြည်ရတဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးတစ်ဦး ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က