အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အွန်လိုင်းမှတစ်ဆင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ခေါင်းဆောင်နှစ်ဦး ထိပ်သီးတွေ့ဆုံဆွေးနွေးမှုက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်စဥ် တည်ငြိမ်မှုအချို့ ဖော်ဆောင်နိုင်မယ်လို့ အမေရိကန်အစိုးရက မျှော်လင့်ထားပါတယ်။ ထိပ်သီးဆွေးနွေးပွဲဟာ ဘိုင်ဒန်အစိုးရလက်ထက်မှာ ခေါင်းဆောင်တွေရဲ့ အကျယ်ပြန့်ဆုံး ဆွေးနွေးမှုဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ အမေရိကန်နဲ့ တရုတ် သမ္မတနှစ်ဦးကြား စက်တင်ဘာ ၉ ရက်နေ့က တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီးနောက် ယခု ထိပ်သီးဆွေးနွေးပွဲ စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။
(၂၀၁၄ ခုနှစ်က ဘေဂျင်းမြို့မှာ ဘိုင်ဒန်နှင့် ရှီကျင်ဖျင့် တွေ့ဆုံခဲ့စဥ်) (Photo: Reuters)
အမေရိကန်နဲ့ တရုတ်တို့ဟာ COVID-19 မူလဇစ်မြစ်ကနေ တရုတ်ရဲ့ နျူကလီးယားလက်နက်တိုက် တိုးချဲ့မှုအထိ ကိစ္စရပ်တွေအပေါ် အငြင်းပွားနေခဲ့ကြပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တိုက်ရိုက်ဆွေးနွေးခြင်းက နှစ်နိုင်ငံဆက်ဆံရေး ပဋိပက္ခဆီသို့ ဦးတည်နေခြင်းကို တားဆီးရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားပါတယ်။
"ခေါင်းဆောင်နှစ်ဦးက ယှဥ်ပြိုင်မှုကို တာဝန်သိစွာ စီမံခန့်ခွဲရန် နည်းလမ်းတွေကို ဆွေးနွေးကြမှာပါ၊ ပြီးတော့ ကျွန်မတို့ရဲ့ အကျိုးစီးပွားတူညီတာတွေအပေါ် အတူတကွ လုပ်ဆောင်ကြဖို့လည်း ဆွေးနွေးသွားကြပါမယ်၊ သမ္မတဘိုင်ဒန်က အမေရိကန်ရည်ရွယ်ချက်တွေနဲ့ ဦးစားပေးမှုတွေကို ရှင်းရှင်းလင်းလင်း ပြောမှာဖြစ်ပြီး ကျွန်မတို့ရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမှာပါ" လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ Jen Psaki က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(၂၀၁၂ ခုနှစ်က အိမ်ဖြူတော်မှာ ဘိုင်ဒန်နှင့် ရှီကျင်ဖျင့် တွေ့ဆုံခဲ့စဥ်) (Photo: Getty Images)
လာမယ့် ဆောင်းရာသီအိုလံပစ်ပွဲကို တရုတ်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိနေရာ သမ္မတရှီကျင့်ဖျင်အတွက် အရေးကြီးတဲ့နှစ် ဖြစ်နေပြီး တရုတ်အစိုးရဘက်ကလည်း နှစ်နိုင်ငံ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလိုပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံတစ်ရပ် ကျင်းပပြုလုပ်ပြီး ရှီကျင့်ဖျင်အနေနဲ့ တရုတ်မှာ ယခင်မရှိခဲ့ဖူးတဲ့ သမ္မတအဖြစ် တတိယသက်တမ်းကို ဆက်လက်တာဝန်ယူသွားရန် ရည်မှန်းထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဘုံအကျိုးစီးပွားတွေရဲ့ ကိစ္စရပ်တွေကို ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ်လို့ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းရဲ့နိုင်ငံမှာ လက်ခံကျင်းပသွားမယ့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲသို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လာရောက်ရန် ဖိတ်ကြားသွားမယ်လို့ အစောပိုင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။