အမေရိကန်စစ်တပ်ဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသအတွက် အကြီးဆုံး ရေပေါ် Solar ပရောဂျက်တစ်ခု လုပ်ဆောင်နေပါတယ်။
ဇွန်လ ၁၀ ရက်နေ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့တဲ့ ရေပေါ်မျောနေမယ့် Solar ကွန်ရက်စနစ်ဟာ နိုင်ငံအရှေ့တောင်ပိုင်းမှာ ရှိတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Fort Bragg မြို့ စစ်လက်နက်စက်ရုံအနားက Big Muddy Lake ပေါ်မှာ တည်ဆောက်ထားတာပါ။ ၁.၁ မဂ္ဂါဝပ် စွမ်းအင်ထုတ်နိုင်တဲ့ ရေပေါ် Solar စက်ရုံသစ်မှာ ၂ မဂ္ဂါဝပ်ဘက်ထရီအမျိုးအစား စွမ်းအင် သိုလှောင်စနစ် ပါဝင်ပြီး အိမ်ခြေ ၁၉၀ ခန့်ကို စွမ်းအင်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
ဒီစက်ရုံဟာ ကာကွယ်ရေးဌာနက တည်ဆောက်ခဲ့တဲ့ ပထမဆုံး ရေပေါ်ဆိုလာစက်ရုံလည်း ဖြစ်ပြီး Floatovoltaics လို့ ခေါ်တဲ့ ရေပေါ်မျောနေတဲ့ ဆိုလာပါဝါစနစ်နဲ့ လည်ပတ်မှာပါ။ စက်ရုံတည်ဆောက်တဲ့ ရည်ရွယ်ချက်ဟာ ဖန်လုံအင် ဓါတ်ငွေ့ထုတ်လွှင့်မှုလျှော့ချပြီး သန့်စင်စွမ်းအင်ကဏ္ဍမြှင့်တင်ဖို့နဲ့ ပါဝါပြတ်တောက်မှုတွေအတွင်း အရန်စွမ်းအင်အရင်းအမြစ်အဖြစ် အနီးအနားလေ့ကျင့်ရေးဌာနမှာ သုံးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ရေပေါ်ဆိုလာပရောဂျက်အတွက် Fort Bragg နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Ameresco တို့ ပူးပေါင်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရေပေါ်မှာ ပေါလောမျောနေတဲ့ Solar အတွက် တပ်ဆင်စရိတ်ဟာ မြေပြင်ပေါ်မှာထက် ကုန်ကျစရိတ်အနည်းငယ် ပိုများပါတယ်။ Panel ပြားတွေဟာ အောက်က ရေနဲ့ မထိအောင် ဖောင်တစ်မျိုး ဖန်တီးပြီး တပ်ဆင်ရတာ ဖြစ်ပါတယ်။
တစ်ခုရှိတာက ရေပေါ် Solar Panel တွေ ထားတာဟာ Solar ပြားတွေရဲ့ အပူချိန်ကို ထိန်းညှိပြီးသား ဖြစ်စေပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုမှာလည်း မြေပေါ်က Panels တွေထက် ပိုပြီး ဓါတ်အားထုတ်လုပ်နိုင်စွမ်း ရှိစေတဲ့ အားသာချက် ရှိထားပါတယ်။ ရေရှည်မှာ မြေကြီးပေါ် တပ်ဆင်ထားတဲ့ Solar ပြားတွေထက် ရေပေါ် ပေါလောထားတဲ့ Solar ပြားတွေက တွက်ခြေပိုကိုက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Solar တွေဟာ ဈေးအသက်သာဆုံး လျှပ်စစ်စွမ်းအင်အရင်းအမြစ်ဖြစ်ပေမယ့် မြေနေရာယူလွန်းတဲ့ ပြဿနာ ရှိပါတယ်။ Solar Farm တစ်ခုဟာ လျှပ်စစ်ဓါတ်အား ၁ မဂ္ဂါဝပ်ထွက်ဖို့ ရုပ်ကြွင်းလောင်စာ ဓါတ်အားစက်ရုံတစ်ခုထက် မြေနေရာယူမှု ၂၀% ပိုများတယ်လို့ ဆိုပါတယ်။ အမေရိကန်က Solar Projects တွေလည်း လယ်သမားတွေနဲ့ ပြဿနာတက်နေတာ ရှိလို့ ရေပေါ် Solar Farm တွေဟာ ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။