အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးဒဏ်ခတ်ပိတ်ဆို့မှုသာ မရှိခဲ့ရင် Samsung ဆိုတာ Huawei အတွက် မှုစရာမဟုတ်ဘူးလို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုက ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုစာရင်းမှာ ပါဝင်ပြီး ၄ နှစ်ခန့် အကြာမှာ Huawei ဟာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း Brand စာရင်းက ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်ခဲ့ပြီးမှ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဖုန်းသစ်ထုတ်လုပ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ခဲ့ရတာပါ။
ကမ္ဘာ့ဒုတိယအကြီးဆုံးဖုန်းထုတ်လုပ်သူနေရာအထိ ရောက်ခဲ့တဲ့ Huawei အနေနဲ့ အမေရိကန်အစိုးရရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ နဲ့ ဖိနှိပ်မှုတွေသာ မရှိခဲ့ဘူးဆိုရင် ကမ္ဘာ့ထိပ်ဆုံး ၂ နေရာက လွဲစရာ မရှိဘူးလို့ ရစ်ချတ်ယုက တရုတ်မှာ ကျင်းပတဲ့ မော်တော်ကားဖိုရမ်တစ်ခုမှာ ပြောခဲ့ပါတယ်။
"အမေရိကန်ရဲ့ ကြားဖြတ်နှောင့်ယှက်မှုနဲ့ ကျွန်တော်တို့အပေါ် ဖိနှိပ်မှုတွေသာ မရှိခဲ့ဘူးဆိုရင် အခုချိန် ကမ္ဘာ့အဓိက မိုဘိုင်းဖုန်းထုတ်လုပ်သူတွေဟာ Huawei နဲ့ Apple တို့ ဖြစ်နေမှာပါ။ ကျွန်တော်က လျှော့တွက်တာ မဟုတ်ပါဘူး။ ဒါက ဒီနေ့ ရမယ့်ရလဒ် ဖြစ်နိုင်ပါတယ်။" လို့ Huawei စားသုံးသူရေးရာ စီးပွားရေးလုပ်ငန်း CEO ရစ်ချတ်ယုက ပြောပါတယ်။
ရစ်ချတ်ယုအနေနဲ့ Galaxy ဖုန်းထုတ်လုပ်သူကို စာရင်းတောင် ထည့်တွက်ခြင်း မရှိပါဘူး။ " Samsung အပါအဝင်ပေါ့ တခြားကုမ္ပဏီတွေက အသေးစားထုတ်လုပ်သူတွေလောက်ပဲ။ အဓိက Samsung ဆို အမေရိကန်နဲ့ တောင်ကိုရီးယားဈေးကွက်တွေမှာ ရောင်းနေရတာလေ" လို့ ရစ်ချတ်ယုက ဆိုပါတယ်။
Huawei ကို အမေရိကန်အစိုးရ ကုန်သွယ်ရေးပိတ်ပင်မှုမလုပ်ခင် နောက်ဆုံးသုံးလပတ်ဖြစ်တဲ့ ၂၀၁၉ Q1 အထိ Samsung ဟာ ထိပ်ဆုံးက စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ Samsung ရဲ့ နောက်မှာ Huawei နဲ့ Apple တို့က အစဉ်အတိုင်း ရပ်တည်ထားတာပါ။ အဲ့ဒီအချိန်က Huawei ဟာ နှစ်အလိုက် ဝင်ငွေ ဖွံ့ဖြိုးမှု ၅၀% အထိ အတက်ပြနေပြီး နှစ်အနည်းငယ်အတွင်း Samsung ကို ကျော်တက်မယ်လို့ ကြွေးကြော်နိုင်ခဲ့တာပါ။
Huawei ရဲ့ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းထုတ်လုပ်သူအိပ်မက်ကို သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်အစိုးအဖွဲ့က ပိတ်ဆို့အရေးယူမှုလုပ်ခဲ့ပြီး ဖျက်ဆီးခဲ့ပါတယ်။ စမတ်ဖုန်းနည်းပညာပိုင်းမှာ ဆန်းသစ်တဲ့ ထုတ်ကုန်တွေ ဆက်တိုက်ထုတ်လာနေတဲ့ Huawei ဟာ Trade Ban ထိပြီးနောက် 5G ဖုန်းတွေ ထုတ်လုပ်နိုင်ခဲ့ခြင်း မရှိတော့သလို Google Services တွေ မရတော့တာကြောင့် ကိုယ်ပိုင် HarmonyOS Ecosystem ကို ပြောင်းလဲခဲ့ရပါတယ်။
ရစ်ချတ်ယု ပြောခဲ့သလို အမေရိကန်အစိုးရသာ Huawei ကို ပိတ်ဆို့မှု မလုပ်ခဲ့ရင် Huawei အနေနဲ့ Samsung ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ် ၁ နဲ့ ၂ နေရာကို Apple နဲ့ ခွဲယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာတွေးဆစရာ ဖြစ်လာပါတယ်။