နိုဝင်ဘာလထဲမှာ beta launch အနေနဲ့ အစမ်းသဘောစတင် ဖြန့်ချိသွားမှာပါ

နည်းပညာကုမ္ပဏီကြီးတွေရဲ့ အာဏာရှင်ဆန်မှုကို တွန်းလှန်ဖို့ လူမှုကွန်ရက်ပလက်ဖောင်းသစ်တစ်ခု တည်ထေင်သွားမယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီတွေနဲ့ ပြဿနာတက်နေတဲ့ သမ္မတဟောင်း‌ဒေါ်နယ်ထရမ့်ဟာ TRUTH Social နာမည်နဲ့ ကိုယ်ပိုင် Social Media Apps တစ်ခု တည်ထောင်သွားမယ်လို့ ကြေညာလိုက်တာပါ။ အမေရိကန်မှာ ဆန့်ကျင်ဘက်အသံတွေကို နှုတ်ပိတ်ထားတဲ့ နည်းပညာကုမ္ပဏီကြီးတွေ Big Tech တွေရဲ့ အာဏာရှင်ဆန်မှုကို တွန်းလှန်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ 



Photo: France24

Trump Media and Technology Group (TMTG) ရဲ့ ဒီကြေညာချက်ထဲမှာ TRUTH Social app ကို လာမယ့် နိုဝင်ဘာလထဲမှာ beta launch အနေနဲ့ အစမ်းသဘောစတင် ဖြန့်ချိသွားမှာ ဖြစ်ပြီး ၂၀၂၂ ပထမသုံးလပတ်အတွင်းမှာ လူအများအပြား သုံးနိုင်အောင် လွှင့်တင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ 

"Big Tech တွေရဲ့ ကြီးစိုးမှုကို ဆန့်ကျင်ဖို့ Truth Social နဲ့ TMTG ကို ဖန်တီးခဲ့တာပါ။"လို့ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောပါတယ်။ "တာလီဘန်တွေ Twitter သုံးနိုင်ကြတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ နေကြပါတယ်။ သင်တို့ သဘောအကျဆုံးအမေရိကန်သမ္မတကျတော့ အသံတိတ်နေရတယ်"

Truth Social ကို သုံးချင်သူတွေအတွက် ဒီလူမှုကွန်ရက် အသုံးပြုနိုင်အောင် တန်းစီစောင့်ဖို့ waiting list သမားတွေအတွက် ဝက်ဘ်ဆိုက်တစ်ခု ရှိထားသလို iOS app ကနေလည်း preorder အတွက် လင့်ခ်တစ်ခု လုပ်ထားပါတယ်။ လောလောဆယ် app ရဲ့ screenshots တွေအရ Truth မှာ Twitter လိုမျိုး timeline ပုံစံတွေနဲ့ profile pages တွေ ပါရှိမှာ ဖြစ်ပါတယ်။ Truth မှာ ပို့စ်တွေကို Truths လို့ နာမည်ပေးထားပြီး Twitter လို Re-Tweet လုပ်တာကို Re-Truths ၊ Twitter Feed လိုမျိုး Truth Feed စတဲ့ နာမည်တွေ ပေးထားတာဖြစ်ပြီး Twitter ပုံစံကို ယူသုံးထားတာ ဖြစ်လို့ နောက်ပိုင်းမှာ ပြဿနာတက်ဖို့ ရှိပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Twitter ၊ Facebook စတဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုတွေ အသုံးပြုရတာ ဝါသနာကြီးသူဖြစ်ပြီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာလည်း လူမှုကွန်ရက်ပေါ်ကနေ ပုံမှန်သတင်းစကားတွေ ဖြန့်ဝေခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး ကန်လွှတ်‌တော်အဆောက်အဦ Capitol ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်း သောင်းကြမ်းခဲ့မှုဖြစ်စဉ်မှာ သူ့စနက်မကင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ အကြမ်းဖက်မှုသွေးထိုးတာမျိုး ဆက်မလုပ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ Twitter က ဒီဖြစ်စဉ်အပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၈ ရက်နေ့မှာ ထရမ့်ရဲ့ လူမှုကွန်ရက်အကောင့်ကို ပိတ်ပင်ခဲ့ပါတယ်။ 

Facebook ကလည်း ထရမ့်ကို အနည်းဆုံး ၂၀၂၃ ခုနှစ်အထိ လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကနေ ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဆိုင်းငံ့ကာလအပြီးမှာ အများပြည်သူလုံခြုံ‌ရေးအတွက် စိတ်ချရပြီလားဆိုတာကို ကျွမ်းကျင်သူတွေက စိစစ်အကဲဖြတ်ဦးမှာပါ။ YouTube ကလည်း အကြမ်းဖက်မှုတွေ လျော့ကျသွားတဲ့အခါမှ ပလက်ဖောင်းပေါ်မှာ ထရမ့်ကို ပိတ်ထားတာ ပြန်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်။ 

Photo: 9to5mac

ပြီးခဲ့တဲ့မတ်လထဲမှာ ထရမ့်ရဲ့ အကြီးတန်းအကြံပေးအရာရှိ ဂျေဆင်မီလာက လာမယ့် နှစ်လ ၊ သုံးလအတွင်း သမ္မတဟောင်းဟာ သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်းနဲ့ Social Media လောကထဲ တကျော့ပြန်ဝင်ရောက်လာဦးမှာ ဖြစ်တယ်လို့ Fox News ကို ပြောခဲ့ပါတယ်။ ထရမ့်ဟာ မေလထဲမှာ ကိုယ်ပိုင်တရားဝင်ဘလော့ဂ်တစ်ခုကို ဖန်တီးခဲ့ပေမယ့် တစ်လကြာပြီးနောက် ပိတ်သိမ်းခဲ့ပါတယ်။ 

ထရမ့်အနေနဲ့ ကိုယ်ပိုင် Social Media ပလက်ဖောင်းသစ် ထောင်သွားမှာ ဖြစ်ပေမယ့် မကြာသေးခင်ကပဲ Twitter အကောင့် ပြန်ရဖို့ တရားစွဲထားပါတယ်။ ထရမ့်ရဲ့ TMTG ဟာ Nasdaq စာရင်းဝင် မိုင်ယာမီအခြေစိုက် Digital World Acquisition Group နဲ့ ပူးပေါင်းပြီး ကုမ္ပဏီသစ်တည်ထောင်ဖို့ သ‌ဘောတူညီချက်ရထားတယ်လို့လည်း ဆိုပါတယ်။ ဒီကုမ္ပဏီသစ်ကိုလည်း ထရမ့်ပဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က