အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟာရစ်က သမ္မတအာဏာ ယာယီလွှဲပြောင်းအပ်နှင်းခံရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပုံမှန်ကျန်းမာရေးစစ်ဆေး ခံယူနေစဥ်အတွင်း ဒုသမ္မတဖြစ်တဲ့ ဟာရစ်ကို သမ္မတအာဏာ ယာယီလွှဲပြောင်းပေးထားခဲ့တာ ဖြစ်ပါတယ်။ သမ္မတအာဏာ ယာယီလွှဲပြောင်းအပ်နှင်းမှုဟာ နာရီပိုင်းမျှသာ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု ကျန်းမာရေးစစ်ဆေးမှုဟာ ဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် ပထမဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးမှုလည်းဖြစ်ပြီး ၎င်းရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မတိုင်မီ ပြုလုပ်တာဖြစ်ပါတယ်။
သမ္မတအာဏာ လွှဲပြောင်းအပ်နှင်းခံရတဲ့ ဟာရစ်ဟာ အမေရိကန်နိုင်ငံရဲ့ စစ်တပ်နဲ့ နျူကလီးယားလက်နက်တွေကို ယာယီ ထိန်းချုပ်ခွင့်ရခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ "ဒုတိယသမ္မတက ဒီအချိန်ကာလအတွင်း West Wing မှာရှိတဲ့ သူမရဲ့ရုံးခန်ကနေ အလုပ်လုပ်သွားမှာပါ" လို့ အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ Jen Psaki က သမ္မတအာဏာ ယာယီလွှဲပြောင်းခြင်းမပြုမီ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
(ဂျိုးဘိုင်ဒန်နှင့် ဟာရစ်) (Photo: AP)
အသက် ၅၇ နှစ်အရွယ် ဟာရစ်ဟာ ပထမဆုံး အာရှအမေရိကန်နဲ့ အာဖရိကန်အမေရိကန် အမျိုးသမီး ဒုတိယသမ္မတတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ ယခုကဲ့သို့ အခြေအနေမှာ သမ္မတအာဏာ ယာယီလွှဲပြောင်းမှုဟာ မကြုံစဖူးဖြစ်ရပ် မဟုတ်ကြောင်းနဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဥ်အစိတ်အပိုင်းဖြစ်ကြောင်း Jen Psaki က ဆိုပါတယ်။
"၂၀၀၂ နဲ့ ၂၀၀၇ ခုနှစ်အတွင်း သမ္မတဂျော့ဂျ်ဒဗလျူဘုရှ် လက်ထက်ကလည်း အလားတူဖြစ်ရပ်ရှိခဲ့တယ်"လို့ သူမက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ သမ္မတဘိုင်ဒန်ဟာ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ် အလုံးစုံ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ကြောင်း သိရပါတယ်။