တရုတ်နိုင်ငံသား ဝန်ထမ်းတွေဟာ တော်သလောက် အလုပ်ကြိုးစားကြပြိး အမေရိကန်သားတွေက အလုပ်လုပ်ချင်စိတ်မရှိသူတွေလို့ အီလွန်မတ်စ်က ဝေဖန်လိုက်ပါတယ်။
Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်တာပါ။
"အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ ဒီလူတွေက ထုတ်လုပ်ရေးပိုင်းမှာ ယုံကြည်မှု ခိုင်မာကြသူတွေလည်း ဖြစ်ပါတယ်။" လို့ Financial Times နဲ့ အင်တာဗျူးတစ်ခုမှာ အီလွန်မတ်စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီလူတွေက (တရုတ်နိုင်ငံသားတွေ) သန်းခေါင်သန်းလွဲ မအိပ်မနေ ကြိုးစားတဲ့ အဆင့်တင် မဟုတ်ဘူး။ မနက် ၃ နာရီအထိတောင် အလုပ်လုပ်ချင်စိတ် ပြင်းပြနေတယ်ဆိုတဲ့ လူမျိုးတွေပါ။ စက်ရုံလို အလုပ်မျိုးမှာတောင် စွန့်ခွာခြင်းမရှိပါဘူး။ အမေရိကမှာ ရှိတဲ့ လူတွေကတော့ အလုပ်ကို သွားဖို့ လုံးဝရှောင်ကြဉ်ဖို့ ကြိုးစားနေကြတယ်" လို့ မတ်စ်က ပြောပါတယ်။
မတ်စ်ဟာ ဝီရိယကြီးပြီး အလုပ်ကြိုးစားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း Model 3 အတွက် ထုတ်လုပ်ရေးအကြပ်အတည်းဆိုက်ချိန်က သူကိုယ်တိုင် ဖရီးမောင့် Tesla ကားစက်ရုံကြမ်းပြင်မှာ အိပ်ပြီး အလုပ်လုပ်ခဲ့တာပါ။ အဲ့ဒီအချိန်က သူဟာ "ကုမ္ပဏီထဲက ဘယ်သူထက်မဆို ကျွန်တော့်အခြေအနေက ပိုခက်ခဲတာပဲ ဖြစ်ချင်ပါတယ်။ သူတို့ ထိခိုက်နာကျင်တိုင်း ကျွန်တော့်ဒဏ်ရာက ပိုဆိုးတာပဲ ဖြစ်ပါစေ" လို့ Bloomberg ကို ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ရှိတဲ့ Tesla Shanghai Gigafactory ကားစက်ရုံဟာ ကိုဗစ်ကပ်ကြောင့် ၃ ပတ်ကြာ ပိတ်ထားရပြီးနောက် ဝန်ထမ်းတွေ စက်ရုံထဲ ညအိပ်ပြီး အလုပ်ဆင်းခဲ့ရပါတယ်။ တစ်ပတ် ၁ ရက်နား တစ်ရက် ၁၂ နာရီ အလုပ်ချိန်အစီအစဉ်နဲ့ တရုတ်နိုင်ငံ Tesla ကားစက်ရုံမှာ ထုတ်လုပ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ကုမ္ပဏီဟာ ဝန်ထမ်းတွေအတွက် စက်ရုံထဲ ညအိပ်ဖို့ Sleeping Bag နဲ့ စားစရာနေစရာ ၊ အသုံးစရိတ်တွေ ထောက်ပံ့ခဲ့ပါတယ်။
တရုတ်ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမှုကို ချီးကျူးရာမှာ မတ်စ်ဟာ ဒီဖြစ်ရပ်ကို ပြန်ရည်ညွှန်းလိုပုံ ရပါတယ်။ အမေရိကန်ဝန်ထမ်းတွေကတော့ Tesla ရဲ့ သတ်မှတ်အလုပ်ချိန်ဟာ ပျမ်းမျှ အမေရိကန်ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ထက် ပိုခိုင်းတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။