အဆင့် ၅ ကနေ ၈ နေရာကို ရောက်သွားခဲ့တာပါ

၂၀၂၂ ခုနှစ်ဟာ Meta အတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ဖို့ ရှိပါတယ်။ 

ကုမ္ပဏီဟာ နှစ်အစကတည်းက ပြဿနာတွေတက်ခဲ့သလို မကြာသေးခင်က ထုတ်ပြန်တဲ့ နောက်ဆုံးသုံးလပတ် ဝင်ငွေရလဒ်အစီရင်ခံစာမှာလည်း နေ့စဉ် Facebook သုံးစွဲသူဦးရေ ပထမဆုံးအကြိမ် ထိုးကျခဲ့မှုနဲ့ပါ ကြုံခဲ့ရတာပါ။ ၂၀၂၂ ခုနှစ်အတွင်း ၂ လမပြည့်ခင်မှာ စတော့ခ်ရှယ်ယာတန်ဖိုး ၃၅% ထိုးကျခဲ့ပြီး ဒါဟာ ၂၀၂၀ ဇူလိုင်အလွန် ကုမ္ပဏီရဲ့ အဆိုးဆုံး ရှယ်ယာဈေးထိုးကျမှုလို့ ဆိုကြပါတယ်။ 



Photo: Yahoo News UK


Facebook မိခင်ကုမ္ပဏီ Meta ဟာ အခုထိ ရှယ်ယာဈေးအကျဘက်ရောက်နေပြီး လက်ရှိရှယ်ယာတစ်စုပေါက်ဈေး ၂၂၀.၁၈ ဒေါ်လာ ရှိတယ်လို့ ဆိုပါတယ်။ ရှယ်ယာဈေး ထိုးကျလာမှုကြောင့် အခုချိန်မှာ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာလည်း Chip ထုတ်လုပ်တဲ့ Nvidia အောက် ရောက်လာပြီလို့ CNBC သတင်းက ဖော်ပြပါတယ်။ 

သိပ်မကြာသေးခင်ကအထိ အမေရိကန်ရဲ့ တန်ဖိုးအရှိဆုံးကုမ္ပဏီ ၅ ခု စာရင်းမှာ Big Tech ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Apple ၊ Microsoft ၊ Amazon ၊ Alphabet တို့နဲ့အတူ ဖော်ပြခံရတဲ့ Facebook ဟာ အခုတော့ အဆင့် ၅ ကနေ ၈ အထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က Meta ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅၉၉ ဘီလျံကို ရောက်ခဲ့ပြီး Nvidia က ဒေါ်လာ ၆၂၇ ဘီလျံနဲ့ ပဉ္စမမြောက် တန်ဖိုးအကြီးဆုံး US ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ 

Nvidia ရဲ့ အောက်မှာ Tesla ကားကုမ္ပဏီနဲ့ Berkshire Hathaway အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုလုပ်ငန်းတို့က တန်ဖိုးအရှိဆုံး အမေရိကန်ကုမ္ပဏီများစာရင်းမှာ ဖော်ပြခံရပါတယ်။ Meta ရဲ့ အောက်မှာ Visa ငွေကြေးနည်းပညာကုမ္ပဏီက ဈေးကွက်တန်ဖိုး ဒေါ်လာ ၄၇၈ ဘီလျံနဲ့ နဝမမြောက်တန်ဖိုးအကြီးဆုံး အမေရိကန်ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။ 

Photo: Business Insider


ကုမ္ပဏီသက်တမ်း ၁၈ နှစ်အတွင်း Facebook နေ့စဉ် အသုံးပြုသူဦးရေ ကျဆင်းလာမှုနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတဲ့ Meta ဟာ Apple ရဲ့ Privacy အပြောင်းအလဲတွေကြောင့်လည်း ဒီနှစ်ထဲ ဝင်ငွေဒေါ်လာ ၁၀ ဘီလျံအထိ ဆုံးရှုံးရဖို့ ရှိပါတယ်။ Meta ရဲ့ ပထမသုံးပတ်ဝင်ငွေရလဒ် ခန့်မှန်းချက် ထွက်လာပြီးနောက်မှာ စတော့ခ်တန်ဖိုး ၂၆% အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ 

စတော့ခ်တန်ဖိုး ကျဆင်းမှုနဲ့အတူ Meta သူဌေး မတ်ခ်ဇူကာဘတ်ဟာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၃၁ ဘီလျံ ခန့် အရှုံးပြခဲ့ပြီး ကုမ္ပဏီတန်ဖိုးလည်း တစ်ရက်အတွင်း ဒေါ်လာဘီလျံ ၂၀၀ ကျော် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က