တောင်တရုတ်ပင်လယ်အတွင်း ရေငုပ်သွားနေတဲ့ အမေရိကန်ရေငုပ်သင်္ဘောနဲ့ အမျိုးအမည်မသိ အရာဝတ္တုတစ်ခု တိုက်မိခဲ့ရာ သင်္ဘောသား တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
နျူကလီးယားစွမ်းအင်သုံး အမေရိကန် ရေငုပ်သင်္ဘော USS Connecticut ဟာ စနေနေ့ (အောက်တိုဘာ ၂ ရက်) က တောင်တရုတ်ပင်လယ်ပြင်မှာ ခုတ်မောင်းသွားနေစဥ် အမျိုးအမည်မသိ အရာဝတ္တုနဲ့ တိုက်မိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်မိခဲ့ရတဲ့အကြောင်းရင်းကို အတိအကျ မသိသေးဘူးလို့လည်း ၎င်းတို့က ဖြည့်စွက်ပြောပါတယ်။
(Photo: U.S. Pacific Fleet)
ယခုဖြစ်ရပ်ဟာ တရုတ်စစ်လေယာဥ်တွေက ထိုင်ဝမ်လေကြာင်းကာကွယ်ရေးဇုန်ထဲသို့ ကျူးကျော်ဝင်ရောက်မှုတွေကြောင့် အငြင်းပွားမှုဖြစ်နေတဲ့ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေစဥ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးအမည်မသိ အရာဝတ္တုနဲ့ တိုက်မိခဲ့တဲ့ ရေငုပ်သင်္ဘောဟာ ယခုအခါ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ဦးတည်ထွက်ခွာလာနေတယ်လို့ အမေရိကန်ရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
"ဒီဖြစ်ရပ်ကြောင့် USS Connecticu ရေငုပ်သင်္ဘောရဲ့ နျူကလီးယားစွမ်းအင်ထုတ်တဲ့စက်နဲ့ နေရာကို ထိခိုက်သက်ရောက်မှု မရှိခဲ့ဘဲ အပြည့်အဝ လည်ပတ်နေဆဲဖြစ်ပါတယ်" လို့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အမျိုးအမည်မသိ အရာဝတ္တုနဲ့ တိုက်မိခဲ့မှုကြောင့် ရေတပ်သင်္ဘောအမှုထမ်း ၁၅ ဦး အသေးစား ဒဏ်ရာရခဲ့ကြကြောင်းနဲ့ ရေငုပ်သင်္ဘော ထိခိုက်ပျက်စီးမှု အခြေအနေကို စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုပါတယ်။
(Photo: U.S. Pacific Fleet)
အမေရိကန်ရေတပ်မှ USS Connecticut ရေငုပ်သင်္ဘောဟာ ကမ္ဘာမှာ အငြင်းပွား ပြိုင်ဆိုင်မှုအများဆုံး ဒေသတွေအနက်တစ်ခုမှာ လှုပ်ရှားသွားလာနေခဲ့တာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ရဲ့ နေရာအများစုဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားပေမဲ့ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ အမေရိကန်က သဘောတူလက်ခံခြင်း မရှိပါဘူး။
ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ အားလုံးက တရုတ်ရဲ့ပြောဆိုမှုအပေါ် ဆယ်စုနှစ်များကြာ အငြင်းပွားနေခဲ့ကြပါတယ်။ သို့သော် လတ်တလော နှစ်များအတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ တဖြည်းဖြည်း မြင့်တက်လာနေခဲ့ပါတယ်။ အမေရိကန်ကတော့ တရုတ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နိုင်ငံအများအပြားကို ထောက်ခံထားကြောင်း သိရပါတယ်။