မနေ့ညကလည်း နိုင်ပွဲဆက်ခဲ့တာပါ။

လေဗာကူဆင်ကတော့ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဖ်ဘတ်နဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက ဘိုင်ယန်မြူးနစ်နဲ့ အမှတ်ကွာဟချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ လေဗာကူဆင်တို့ အမှားမခံရေးကိုသာ ဦးတည်ရင်း နိုင်ပွဲတွေ ရယူနေတာကိုလည်း မြင်တွေ့ရပါတယ်။



မနေ့ညကလည်း ဝုလ်ဖ်ဘတ်က ဂျန်ဇ် စောစောစီးစီး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရတဲ့နောက် လေဗာကူဆင်အတွက် အရာရာ လွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်သွားခဲ့ပါတယ်။ လေဗာကူဆင်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း (၃၇) မိနစ်မှာ နသန်တယ်လာက သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ဖလော်ရီယန်ဝစ်ဇ်က ပွဲကစားချိန် (၈၆) မိနစ်မှာ သွင်းယူပေးခဲ့ပြီး လေဗာကူဆင်တို့ နိုင်ပွဲဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်တို့အကြား လက်ရှိအချိန်မှာ အမှတ်ကွာဟချက်က (၁၀) မှတ်အထိ ရှိနေဆဲလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အလွန်ဆိုရဲ့ အသင်းက အခုလိုမျိုး ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဘက်အသင်းထက် တစ်ယောက်အသာနဲ့ ကစားခွင့်ရတာက (၃) ပွဲဆက်အထိ ရှိလာခဲ့ပါပြီ။ မနေ့ညက ဝုလ်ဖ်ဘတ်နဲ့ပွဲမတိုင်ခင် မိန့်ဇ်၊ ကိုလုံးတို့နဲ့ပွဲတွေမှာလည်း ပြိုင်ဘက်အသင်းတွေက လေဗာကူဆင်ထက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။
အလွန်ဆိုရဲ့ အသင်းကတော့ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းနဲ့ အမှားအယွင်းမခံဘဲ ရှေ့ဆက်နေခဲ့တာဖြစ်ပါတယ်။ အခု လက်ရှိ ဘွန်ဒက်စ်လီဂါမှာလည်း ရာသီသိမ်းဖို့ (၉) ပွဲသာ လိုတော့ချိန်အထိ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ကို (၁၀) မှတ်ဖြတ် ဦးဆောင်ထားတာကြောင့် အမှတ်ပေးချန်ပီယံဆုအတွက်လည်း တော်တော်လေး အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က