မနေ့ညက ကစားခဲ့တဲ့ ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ ဂျာမနီက အမှားအယွင်းမရှိဘဲ အနိုင်ရရှိခဲ့ပါတယ်။ ဂျာမနီတို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။
ဒီပွဲမှာ နည်းပြနာဂယ်လ်စမန်းက ကစားသမားအချို့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဗဟိုနောက်ခံလူနေရာမှာ ပွဲပယ်ခံထားရတဲ့ တာ့ချ်အစား ရှလော့တာဘက်ခ်ကို ပွဲထုတ်ခဲ့သလို ဘယ်နောက်ခံလူနေရာမှာလည်း ဒေးဗစ်ရာယမ်က ပွဲထွက်ခဲ့ပါတယ်။
တိုက်စစ်ပိုင်းမှာလည်း ဖလော်ရီယန်ဝစ်ဇ် ပွဲထွက်ခဲ့ခြင်းမရှိဘဲ ဆာနေးကသာ မူဆီအာလာ၊ ကိုင်ဟာဗက်ဇ်တို့နဲ့ တွဲဖက်ပြီး ပွဲထွက်ခဲ့တာပါ။ ပထမပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပါသေးတယ်။
ဒိန်းမတ်က ပထမပိုင်းမှာ ပိုထိရောက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဂျာမနီက ပိုကောင်းလာခဲ့ပြီး ဂိုးတွေလည်း ရခဲ့ပါတယ်။ အလှည့်အပြောင်းကတော့ ဂျိုအာချင်အန်ဒါဆန်နဲ့ VAR ဖြစ်ရပ်တွေပါပဲ။
ဒိန်းမတ်အတွက် ဦးဆောင်ဂိုးကို အန်ဒါဆန်က သွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့တယ်၊ အဲ့ဒီနောက် တစ်မိနစ်အကြာမှာပဲ သူ့ရဲ့ လက်ထိဘောကို VAR နဲ့ ပြန်ကြည့်ပြီး ဂျာမနီတို့ ဟာဗက်ဇ်ရဲ့ ပင်နယ်တီသွင်းဂိုးရခဲ့တယ်။ မူဆီအာလာကလည်း အန်ဒါဆန်ကိုပဲ ကျော်ဖြတ်ပြီး ဂျာမနီအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။