အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း ချာလီနီကိုးလပ်စ်က တိုက်စစ်မှူးသစ် ဂါဘရီရယ်ဂျီးဆပ်စ်ဟာ လာမယ့်ရာသီသစ်မှာ အာဆင်နယ်အတွက် အနည်းဆုံး ဂိုး (၂၀) သွင်းယူပေးလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျီးဆပ်စ်ဟာ လက်ရှိနွေစျေးကွက်မှာ နည်းပြ အာတီတာရဲ့ အဓိကဦးစားပေးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
အဆိုပါဘရာဇီးတိုက်စစ်မှူးဟာ အာဆင်နယ်မှာ လာကာဇက်ထွက်လို့ လစ်လပ်သွားတဲ့ ကျောနံပါတ် (၉) နေရာကို ဆက်လက်ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၄၅) သန်း ပေးချေခဲ့ရတာပါ။
ဒီလိုမျိုး အာတီတာနဲ့အီဒူးတို့ ဦးစားပေးခေါ်ယူခဲ့ရတဲ့ ဂျီးဆပ်စ်နဲ့ပတ်သက်လို့ ချာလီနီကိုးလက်စ်က အခုလိုပဲ ထောက်ခံ ပြောကြားလာပါတယ်။ “လက်ရှိအချိန်မှာ အာဆင်နယ်အတွက် သေချာပေါက် လိုအပ်နေတဲ့ ကစားသမားက ဂါဘရီရယ်ဂျီးဆပ်စ်လို တဦးချင်းအရ စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားပါ”
“အသင်းအနေနဲ့ ဧရိယာထဲမှာ အဆုံးသတ်နိုင်တဲ့ တိုက်စစ်မှူးကို အမှန်တကယ် လိုအပ်နေခဲ့ပါတယ်။ ဒါပေမယ့် အာတီတာက ဂျီးဆပ်စ်ကို ဒီလိုမျိုးကစားဖို့ ဆန္ဒရှိရဲ့လား ကျနော် သေချာမသိပါဘူး။ အဲ့ဒါကြောင့်လည်း အူဘာမီးယန်းလို ဂိုးသွင်းကောင်းတဲ့ ကစားသမားက သူ့ရဲ့ပြေးအားနဲ့ နံပါတ် (၁၁) နေရာကို ကစားခဲ့ရတာပါ”
“ဂွါဒီယိုလာအတွက် ဂျီးဆပ်စ်က စိတ်ကြိုက်ကစားသမားတယောက်မဟုတ်ခဲ့ဘဲ ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်က သူ့အတွက် သင့်တော်တဲ့စျေးနှုန်းနဲ့ ခေါ်ယူနိုင်ခဲ့တယ်ဆိုရင်တော့ ဂျီးဆပ်စ်က အာဆင်နယ်အတွက် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အနည်းဆုံး ဂိုး (၂၀) မှ မသွင်းနိုင်ရင် ကျနော်တော့ အံ့အားသင့်မိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။