ဝက်ဖို့ဒ်ကိုနိုင်တဲ့ပွဲအပြီးမှာ တူချယ်လ်က ပြောကြားခဲ့တာပါ။

မနေ့ညက အဝေးကွင်းမှာ ဝက်ဖို့ဒ်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကိုလည်း ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက မေဆင်မောင့်၊ ဇီယက်ချ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာပါ။



ဒါပေမယ့် ပြိုင်ဘက် ရာနီရေးရီ ကိုင်တွယ်နေတဲ့ ဝက်ဖို့ဒ်က ချဲလ်ဆီးကို ပွဲချိန်ပြည့် အကောင်းဆုံး တုံ့ပြန်ခဲ့ပြီး ချဲလ်ဆီးတို့ နိုင်ပွဲတပွဲရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဒီပွဲနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားလာတာပါ။

တူချယ်လ်က “ဒါက ကျနော်တို့ရဲ့ ပုံစံအမှန်မဟုတ်ပါဘူး။ ဒီပွဲအတွက် ကျနော်တို့ အပြည့်အဝ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း အသင်းအတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ ချဥ်းကပ်မှုမျိုးကို လမ်းမညွှန်ပေးနိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပွဲကိုရပ်နားပြီး ကျနော်တို့အတွက် စိတ်မကောင်းဖြစ်စရာတွေနဲ့ ကြုံခဲ့ရသေးတာပါ”

“အဲ့ဒီလူ သက်သာလာဖို့ မျှော်လင့်ပါတယ်။ (ကွင်းထဲမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရိသတ်ကို ဆိုလိုသည်) အဲ့ဒီလို ပွဲကိုရပ်ပြီး ပြန်စချိန်မှာတောင် ကျနော်တို့ရဲ့ ပုံစံကို မပြောင်းနိုင်ခဲ့ပါဘူး။ ဖိအားဒဏ်ရော၊ First Ball, Second Ball ဒါတွေအားလုံးနဲ့ ပတ်သက်ပြီးတော့ရောပေါ့”

“အပြောင်းအလဲတွေအများကြီး လုပ်ခဲ့တယ်၊ ဒါပေမယ့် အမှားတွေလည်း အများကြီးဖြစ်ခဲ့ပါတယ်။ ပိုပြီး မကောင်းလာခဲ့ပါဘး။ ကျနော်တို့က ဝက်ဖို့ဒ်ကွင်းမှာ လွယ်ကူတဲ့အရာတွေကိုပဲ အာရုံစိုက်နိုင်ခဲ့ပြီး ကံကောင်းလို့နိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အတူ မနေ့က ကစားခဲ့တဲ့ လီဗာပူး၊ မန်စီးတီးတို့ကလည်း အဝေးကွင်းမှာ နိုင်ပွဲကိုယ်စီရရှိခဲ့တာကြောင့် ချဲလ်ဆီးတို့ ဝက်ဖို့ဒ်ကို နိုင်လိုက်တာက အနည်းငယ် အသက်ရှူချောင်စေတယ်လို့ဆိုရမှာပါ။ 

Share

Loading Next Article...
က္က