နာမည်ကျော်ကစားသမားတွေ အများအပြားရောက်ရှိလာမှုနဲ့အတူ ပရိသတ်စိတ်ဝင်စားမှုကို ရရှိလာတဲ့ ဆော်ဒီပရိုလိဂ်ကတော့ အမှတ်ပေးဖလားအတွက် အကြိတ်အနယ် ဖြစ်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ အယ်လ်ဟီလယ်က ၃၈ မှတ်နဲ့ ဦးဆောင်နေပြီး အယ်လ်နာဆာက ၃၄ မှတ်နဲ့ ဒုတိယနေရာမှာပါ။ ဒီနေ့မှာဆိုရင် သူတို့နှစ်သင်း ထိပ်တိုက်တွေ့တောာ့မှာဖြစ်ပြီး ဒီပွဲက ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးဖြစ်လာမယ့်ပွဲပါပဲ။ နဂိုကတည်းကမှ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နှစ်သင်းဖြစ်ပြီး အခုဆို ကစားသမားကောင်းကိုယ်စီ ပိုင်ဆိုင်ထားတာ၊ အမှတ်ပေးဇယားမှာ အပြိုင်ဖြစ်နေတာတွေက ဒီပွဲ အရှိန်ကို ပိုပြီးတော့ အားကောင်းလာစေပါတယ်။
အယ်လ်ဟီလယ်မှာဆိုရင် နေမာ၊ မီထရိုဗစ်၊ ဘိုနူ၊ မီလင်ကိုဗစ်ဆာဗစ်၊ ရူဘင်နီဗက်စ်၊ ကူလီဘလီ၊ မယ်လ်ကွန်၊ မိုက်ကယ်တို့လို နိုင်ငံခြားသားကစားသမားတွေရှိပါတယ်။ ပြီးတော့ ဆော်ဒီရဲ့ နာမည်ကြီးကစားသမား အယ်ဒေါ်ဆာရီလည်း ကစားနေတာပါ။ ဒီရာသီဆော်ဒီလိဂ်မှာ တိုက်စစ်အကောင်းဆုံးနဲ့ ခံစစ်အကောင်းဆုံးဖြစ်နေပြီး ၄၃ ဂိုးသွင်း၊ ၈ ဂိုးသာပေးထားရပြီး ရှုံးပွဲမရှိသေးတဲ့ အသင်းလည်းဖြစ်ပါတယ်။ နေမာက ဒဏ်ရာကြောင့် အနားယူနေရပေမယ့် မီထရိုဗစ်နဲ့ မယ်လ်ကွန်တို့က ဂိုးတွေဆက်တိုက်သွင်းပေးနေပြီး ပြီးခဲ့တဲ့ တပွဲမှာဆိုရင် ပြိုင်ဘက်ကို ၉ ဂိုးအထိတောင် သွင်းယူခဲ့တာပါ။
အယ်လ်နာဆာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ ခရစ္စတီယာနိုရော်နယ်ဒို၊ ဆာဒီယိုမာနေး၊ တယ်လစ္စတာ၊ အော့တာဗီယို၊ အော့စပင်နာ၊ တဲလက်စ်၊ လာပေါ့တ်၊ ဘရိုဇိုဗစ်တို့နဲ့ အင်အားတောင့်တဲ့အသင်းပါ။ ရော်နယ်ဒိုတို့ တိုက်စစ်ပိုင်းကလည်း ဆက်တိုက်ခြေစွမ်းပြနေပြီး ဘယ်ပြိုင်ဘက်ကိုမဆို တပွဲအနည်းဆုံး ၂ဂိုးသွင်းနေတာပါ။ အထူးသဖြင့် ရော်နယ်ဒိုက ငယ်မူငယ်သွေးပြနေပြီး ပွဲတိုင်းနီးပါး ဂိုးတွေရ၊ ဖန်တီးပေးနေတာပါ။ တယ်လစ္စကာကလည်း ပိုကောင်းတဲ့ ကစားသမားတဦးအဖြစ်နဲ့ ပြသနေပြီး အယ်လ်နာဆာက အနိုင်ယူဖို့ ခက်တဲ့အသင်းတသင်း ဖြစ်လို့နေပါပြီ။
အခု သူတို့ချင်းထိပ်တိုက်တွေ့တော့မှာပါ။ နာမည်ကျော်ကစားသမားတွေရဲ့ အားပြိုင်ပွဲ၊ မဟာပြိုင်ဘက်နှစ်သင်းရဲ့ အစဉ်အလာတွေကြောင့် တကယ်ကြည့်ကောင်းမှာ သေချာပါတယ်။ ဂိုးတွေအပြန်အလှန်သွင်းပြီး ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်မယ့်ပွဲဆိုတာလည်း သေချာပါတယ်။ ဒီပွဲကို စောင့်ကြည့်ဖို့အတွက် ပရိသတ်အများအပြားက အားခဲထားပြီး ကွင်းလုံးပြည့်အားပေးမယ်လို့လည်း သိရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ အယ်လ်နာဆာတို့ ၁ပွဲသာနိုင်ပြီး အယ်လ်ဟီလယ်က ၃ပွဲနိုင်ကာ ၁ပွဲသရေကျထားပါတယ်။ ဒီတော့ ရော်နယ်ဒိုတို့အတွက် မလွယ်ကူတဲ့ ပွဲပါပဲ။ လက်ရှိခြေစွမ်းအရလည်း အယ်လ်ဟီလယ်က သူတို့ကို ကောင်းကောင်းဒုက္ခပေးနိုင်နေတာာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးလည်းမရှိထားပါဘူး။
ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုနဲ့တင် စိတ်ဝင်စားဖို့က ကောင်းနေပါပြီ။ မီထရိုဗစ်တို့ကလည်း ဘယ်အသင်းမဆို ဂိုးတွေသွင်းပြီး ဆုံးမနေတာမို့ အယ်လ်နာဆာခံစစ်ကို ကြီးကြီးမားမားဒုက္ခပေးမှာပါ။ ရော်နယ်ဒိုတို့တိုက်စစ်အတွဲကလည်း အယ်လ်ဟီလယ်ခံစစ်ကို ဖိအားပေးပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေမယ့်ပွဲတပွဲဖြစ်လို့ ဒီသောကြာနေ့အတွက် ကြည့်လို့ကောင်းမယ့်ပွဲပါပဲ။