၁၀ ပွဲဆက်တိုက်အနိုင်ရထားပြီး ဒုတိယနေရာကအသင်းကို ၈ မှတ်ဖြတ်ထားပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးတိုက်ပွဲက မပြီးဆုံးသေးဘူးလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ အမှတ်ပေးပွဲ ၁၀ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာကအသင်းကို ၈ မှတ်အထိ ဖြတ်ထားပေမယ့်လည်း ဂွာဒီယိုလာက ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့က ဆုဖလားစိန်ခေါ်နိုင်တဲ့အသင်းတွေအဖြစ် ဆက်လက်ရှိနေသေးတယ်လို့ ယူဆထားခဲ့ပါတယ်။ 

ပွဲစဉ် ၂၀ ကစားပြီးဖြစ်လို့ ၁၈ ပွဲသာကျန်တော့တာဖြစ်ပြီး ၈ မှတ်အသာရထားက မန်စီးအတွက်ကြီးမားတဲ့အခွင့်အရေးအဖြစ် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက "နောက်ထပ် ၅၄ မှတ်စာ ကစားဖို့ရှိနေသေးပြီး ပိုခက်ခဲတဲ့အသင်းတွေနဲ့ အကြိမ်အများအပြား ရင်ဆိုင်ရဦးမှာပါ၊ လက်စတာနဲ့ပွဲတုန်းက ၄-၀ ဖြစ်ပြီးမှ ၄-၃ အထိ ဖြစ်သွားခဲ့ပါသေးတယ်၊ ဒါကြောင့် အမှတ်ပေးဖလားအတွက်က အားလုံးအသင့်ဖြစ်ပြီးဆုံးသွားပြီဆိုတာ ကျနော်မယုံကြည်သေးပါဘူး"

"ကျနော်တို့ယှဉ်ပြိုင်နေတဲ့ အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့လို အသင်းတွေက ခြွင်းချက်ထက် ပိုပြီးတော့ သာပါတယ်၊ ဥရောပရဲ့ ချန်ပီယံအသင်းတွေဖြစ်ပြီး လီဗာပူးလ်က ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ ကျနော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်ခဲ့တာပါ၊ သူတို့အမှတ်တွေလျော့သွားတာ၊ ကျနော်တို့ ၁၀ ပွဲဆက်တိုက်အနိုင်ရခဲ့လို့ ဒီလိုကွာဟသွားခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 


"ရမှတ် ၃၀ ရယူဖို့ကစားခဲ့ရာမှာ အကုန်ယူနိုင်ခဲ့တာက ကောင်းမွန်တဲ့အနေအထားတခုဆိုပေမယ့် ၅၄ မှတ်အတွက် ကစားဖို့ ရှိနေပါသေးတယ်၊ ကျွန်တော်တို့ကတော့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်တို့နဲ့ကစားရမယ့် လာမယ့် ၃ ပွဲအတွက်ပဲ စဉ်းစားရဦးမှာပါ၊ အာဆင်နယ်ဆို လက်ရှီမှာ အကောင်းဆုံးခြေစွမ်းရနေတယ်၊ နောက်ဆုံးလေးငါးခြောက်နှစ်အတွင်း အကောင်းဆုံးအာဆင်နယ်လို့ ကျနော်ကတော့ ထင်တယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 


ဒီရာသီမှာတော့ မန်စီးတီးဟာ အထောင်တိုက်စစ်မှူးစစ်စစ်လုံး၀မရှိဘဲ ကစားနေတာဖြစ်ပြီး ရလဒ်ပိုင်းအရလည်း တကယ်ကို ချီးကျူးချင်စရာကောင်းလောက်အောင် ကောင်းမွန်နေတာလည်းဖြစ်ပါတယ်။ 

Share

က္က