အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ အမှတ်တရထားရှိပုံချင်းမတူညီကြပါဘူး။ အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူမိန်းကလေး ၊ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဘက်အမျိုးသမီးရဲ့ တန်ဖိုးထားတဲ့ အထိမ်းအမှတ်ရက်ကလေးတွေကို သိထားပြီး တန်ဖိုးထားပေးတာကလည်း ဒီအမျိုးသမီးကို ချစ်ပေး ဂရုစိုက်ပေးခြင်းမည်ပါတယ်။ အမျိုးသမီးတွေရဲ့ ဘဝမှာ တန်ဖိုးအထားဆုံး ဒီ ၆ရက်ကို သတိတရရှိပေးပြီး အထိမ်းအမှတ်ပြုလုပ်ပေးတာ ၊ လက်ဆောင်ပေးတာ ဒါတွေကအမျိုးသမီးတွေကို ပျော်ရွှင်ကြည်နူးစေတဲ့ အရာတွေပဲဖြစ်ပါတယ်။
မွေးနေ့
တကယ်လို့ ပါတီကျင်းပတာ ဒါမှမဟုတ် လက်ဆောင်ဝယ်ပေးတာတွေ လုပ်ရတာမကြိုက်နှစ်သက်ဘူးဆိုတာနဲ့ပဲ ချစ်သူအမျိုးသမီးရဲ့ မွေးနေ့ကို လျစ်လျူရှူလိုက်လို့ မရပါဘူး။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ရဲ့ အကြောင်းကို ဦးစားပေး တွေးပေးသင့်ပါတယ်။ အမျိုးသမီးတိုင်းဟာ မွေးနေ့ဆိုရင် ထူးထူးခြားခြား ဂရုတစိုက် လက်ဆောင်ပေးတာမျိုးကို လိုချင်တတ်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းမျိုးမှ မဟုတ်ပါဘူး။ အမှတ်တရရှိနေပြီး သူ့အတွက် ဂရုတစိုက်ရှိနေကြောင်း ဖော်ပြပေးတဲ့ လက်ဆောင်မျိုးကို ပိုလိုချင်ကြပါတယ်။ ဒီလို နေ့မျိုးမှာ ဘာလိုချင်လဲ မေးမနေဘဲ သူ ဘာကို လိုအပ်နေလဲ ကိုယ့်ဘက်က သိထားပေးတာမျိုးက အမျိုးသမီးတွေရဲ့ စိတ်ကို ကျေနပ်စေမှာ ဖြစ်ပါတယ်။
ချစ်သူနဲ့ ပထမဆုံးတွေ့တဲ့နေ့
မိန်းကလေးတွေဟာ ချစ်သူနဲ့ ပထမဆုံးတွေ့တဲ့နေ့ကိုလည်း တန်ဖိုးထားမြတ်နိုးတတ်ကြပါတယ်။ ချစ်သူတစ်ယောက်အနေနဲ့ ဒီမိန်းကလေးနဲ့ စတွေ့တဲ့နေ့ကစလို့ အဲဒီနေ့က အဖြစ်အပျက်တွေ အားလုံးကို သတိတရရှိပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အမျိုးသားတွေက များသောအားဖြင့် ပထမဆုံး စတွေ့တဲ့ရက်ကို လွယ်လွယ်မေ့လိုက်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ မမေ့နိုင်ကြပါဘူး။ အဲဒီနေ့က ပြောတဲ့စကားတွေ၊ ဝတ်ခဲ့တဲ့အဝတ်အစားတွေ ၊ တွေ့ခဲ့တဲ့နေရာတွေကအစ အတိအကျပြန်ပြောနိုင်လောက်အောင် အမျိုးသမီးတွေ စွဲစွဲလမ်းလမ်း ရှိတဲ့ နေ့မျိုးဖြစ်ပါတယ်။ တကယ်လို့ ငယ်သူငယ်ချင်းတွေ ဒါမှမဟုတ် ကျောင်းသွားဖော်တွေ ဖြစ်နေခဲ့တယ်ဆိုရင်တော့ သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို တစ်ဆင့်တက်ခဲ့တဲ့ နေ့လေးကို အမြဲ အမှတ်တရရှိနေမှာပါ။
လက်ထပ်ခွင့်တောင်းတဲ့နေ့
အချင်းချင်း ချစ်ကြိုက်သွားခဲ့ကြပြီး ချစ်သူတွေအဖြစ်နေရတာ မလုံလောက်နိုင်တော့ပါဘူး။ ဘဝရဲ့ တစ်လျှေက်လုံးမှာ အတူလက်တွဲသွားချင်ပါပြီလို့ တောင်းဆိုခံရတဲ့နေ့ဟာ အမျိုးသမီးတွေအတွက် မမေ့နိုင်စရာနေ့တစ်နေ့ပါပဲ။ အဲဒီနေ့ဟာ အရမ်းကို ကြည်နူးစရာကောင်းတဲ့ လက်ထပ်ခွင့်မျိုးမဟုတ်ဘဲ ဒီတိုင်း သာမန်ကြီးဖြစ်နေရင်တောင်မှ မိန်းကလေးတိုင်း မေ့မရနိုင်တဲ့ နေ့လေးတစ်နေ့ပါပဲ။
လက်ထပ်ထိမ်းမြားတဲ့နေ့
မိန်းကလေးတစ်ယောက်အတွက် လက်ထပ်တဲ့နေ့ဟာ အရေးကြီးဆုံးနေ့အဖြစ် လူတိုင်းက သတ်မှတ်ကြပါတယ်။ အမျိုးသားတွေလည်း ဒီနေ့မှာ မပျော်ဘူးမဟုတ်ပါဘူး။ ပျော်ကြပါတယ်။ ဒါပေမယ့်လို့ လူတိုင်းက သတို့သမီးလေး ဘယ်လိုပြင်ထားလဲ၊ ဘယ်လိုဝတ်ထားလဲ အရမ်းလှနေသလား စသဖြင့် သတို့သမီးလေးရဲ့ နေ့လို့ကို သတ်မှတ်ထားတာပါ။ ထူးခြားလွန်းတဲ့ အပြင်အဆင်တွေနဲ့ အခြေအနေတွေသာရှိခဲ့မယ်ဆိုရင်တော့ သတို့သမီးလေးတွေတင်မဟုတ်ဘဲ လာရောက်ကြတဲ့ ဧည့်သည်အမျိုးသမီးတွေကိုပါ တဖွဖွသတိတရပြောဆိုစေတဲ့ ပွဲနေ့လည်း ဖြစ်သွားတတ်ပါတယ်။ ဒါတင်မက သတို့သမီးကို စိတ်မကျေနပ်အောင် လုပ်ခဲ့ဖူးရင်လည်း တသက်လုံး ပြောမဆုံးအောင် အပြစ်တင်ခံရမှာပါ။ ဒါ့ကြောင့် မင်္ဂလာပွဲနေ့ကိုလည်း အမျိုးသားတွေအနေနဲ့ သတိတရရှိဖို့နဲ့ တစ်သက်လုံး အပြစ်ပြောမခံရဖို့ ဂရုပြုသင့်ပါတယ်။
ပထမဆုံး ကလေးမွေးတဲ့နေ့
ပထမဆုံး ကလေးမွေးတဲ့နေ့ကတော့ အမျိုးသမီးတိုင်းအတွက် အရေးပါဆုံးနေ့ပါပဲ။ မာကျောလွန်းတဲ့ အမျိုးသမီးဖြစ်ဖြစ်၊ ပျော့လွန်းတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသမီးတိုင်းအတွက် အရမ်းကိုမှ အရေးကြီးတဲ့နေ့က အဲဒီနေ့ပါပဲ။ ကလေးလေးတစ်ယောက်ကို ကိုယ့်ရဲ့ သွေးသားတစ်ဦးအဖြစ် ကိုယ့်ကိုုယ်ထဲက မွေးထုတ်လိုက်ရတဲ့ အချိန်ဟာ မိန်းကလေးတိုင်းရဲ့ ဘဝအတွက် အရမ်းကို အရေးပါလွန်းပါတယ်။ ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ခြင်း ၊ ဝမ်းနည်းခြင်း စတဲ့ စိတ်ခံစားချက်တွေဟာ ပထမဆုံးကလေးကို မွေးတဲ့အချိန်မှာ ကြုံတွေ့ရတာမို့ တတ်နိုင်သလောက် အမျိုးသားတွေအနေနဲ့ ဒီလိုနေ့လေးမှာ ကိုယ့်အမျိုးသမီးကို ဂရုတစိုက်ကြင်ကြင်နာနာဆက်ဆံပေးသင့်ပါတယ်။
နှစ်ပတ်လည်နေ့တွေ
များသောအားဖြင့် အမျိုးသားတွေက နှစ်ပတ်လည်နေ့တွေဆိုရင် မေ့ထားတတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ နှစ်ပတ်လည်နေ့တွေဆို မျှော်လင့်တကြီးရှိတတ်ကြပါတယ်။ စတွေ့တဲ့နေ့တွေ၊ ချစ်သူဖြစ်တဲ့နေ့ ၊ လက်ထပ်ခွင့်တောင်းတဲ့နေ့တွေ၊ လက်ထပ်ပွဲနေ့တွေ၊ ဘယ်နေ့ကိုမှ မမေ့ဘဲ သတိတရရှိကြသည်အထိ အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်က ကောင်းလွန်းနေပါတယ်။ ဒီလိုနေ့လေးတွေမှာ ခရီးအတူထွက်တာ ၊ ပျော်စရာတွေအတူဖန်တီးတာ ၊ အရင်တုန်းကနေရာလေးတွေ ပြန်သွားတာ ၊ လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးတာမျိုးက အမျိုးသမီးတွေကို ကြည်နူးပျော်ရွှင်စေတဲ့ အခိုက်အတန့်ပြုလုပ်ပေးလိုက်တာပါပဲ၊
ကိုယ့်အမျိုးသမီးကို ဘယ်လောက်ချစ်ကြောင်း ၊ ဘယ်လောက် တန်ဖိုးထားကြောင်း ပြသပေးတာက အမျိုးသမီးတိုင်း လိုချင်တောင့်တတဲ့အရာပါ။ ဘယ်လောက်ပဲ စိတ်ဓာတ်မာကျောခက်ထန်ပြီး ယောကျ်ားဆန်တဲ့သူ မိန်းကလေးပဲဖြစ်ဖြစ် ၊ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် မိန်းကလေးတွေဟာ အချစ်ခံ ၊ တန်ဖိုးထားခံချင်ကြတာတော့ အရွယ်တိုင်းပါပဲ၊ ဒါကြောင့် ကိုယ့်ရဲ့ မြတ်နိုးတန်ဖိုးထားမှုတွေနဲ့ ချစ်သက်တမ်းကို ရှည်ကြာအောင် ဆွဲဆန့်ထားကြဖို့တော့ လိုအပ်ပါလိမ့်မယ်။ ပြက္ခဒိန်မှာ သူ့အတွက် အရေးကြီးတဲ့ နေ့ကလေးတွေ မှတ်ထားပြီး အချိန်အများကြီး မပေးနိုင်ရင်တောင်မှ ခဏလေးဖြစ်ဖြစ် သူဟာ ကိုယ့်အတွက် တန်ဖိုးထားမြတ်နိုးစရာဖြစ်ကြောင်း ပြသပေးကြဖို့ အမျိုးသားတိုင်းကို တိုက်တွန်းလိုက်ပါရစေ။