အမှိုက်ကို အမှိုက်ပုံးထဲပစ်စေချင်တယ်။

ဇွဲပြည့်၊ သီရိရှင်းသန့်နဲ့ ဇေယျတို့ဟာ အမှိုက်သန့်ရှင်းရေး ပညာပေးအတွက် ပါဝင်ဆော င်ရွက်နေကြတာဖြစ်ပါတယ်။ အမှိုက်ကို အမှိုက်ပုံးထဲ ပစ်စေချင်တဲ့ သူတို့ရဲ့ဆန္ဒကို အခုလိုပြောပြလာပါတယ်။

အနုပညာရှင်တွေနဲ့ Clean Yangon အဖွဲ့တို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်အတွင်းက မလွှကုန်းဘူတာရုံအနီးမှ အမှိုက်ပုံမှာ အမှိုက်ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။


ပရိသတ်တွေနဲ့အတူ ကြိုးကြိုးစားစား အမှိုက်သန့်ရှင်းရေးတွေ လုပ်နေတဲ့ အဆိုတော် ဇွဲပြည့်ကလည်း အမှိုက်ကောက်ရခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ဒီနေရာလေးမှာ အမှိုက်ရှင်းသွားရင် နောက် အမှိုက်ပစ်ဖို့ ခက်ခဲလာမယ်။ ရှင်းနေတဲ့အတွက် အမှိုက်ပစ်ဖို့ ခက်ခဲမယ်။ အဲဒီအတွက် အမှိုက်ပုံမှာ အမှိုက်ပစ်ဖို့ မြင်နေကြ နေရာမှာ အမှိုက်စွန့်ပစ်ခြင်းကနေ ကာကွယ်ဖို့ အတွက် အမှိုက်ရှင်းနေဖို့တော့ လိုတယ်လေ။ ဒါကြောင့် အမှိုက်လိုက်ကောက်ပေးနေတာပါ။ ကိုယ့်ပတ်ဝန်းကျင် အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အမှိုက်ကောက်တာကို ရှက်စရာလို့ ထင်တဲ့စိတ်ကိုဖျောက်ပြီးတော့ ကိုယ့်မြန်မာနိုင်ငံ သန့်ရှင်းဖို့အတွက် စိတ်လေးထည့်ပြီးတော့ အမှိုက်ကို အမှိုက်ပုံးထဲ သေသေချာချာပစ်နိုင်ကြပါစေ’ လို့ ဆိုပါတယ်။

အဲဒီနောက် သရုပ်ဆောင် သီရိရှင်းသန့်ကလည်း အမှိုက်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့ နေရာတွေကို သေသေချာချာလေ့လာပြီး အနုပညာရှင်တွေနဲ့အတူ အမှိုက်ကောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အမှိုက်သန့်ရှင်းရေးလုပ်ဖြစ်တဲ့ ပရိသတ်တွေလည်းရှိတယ်လို့ ဆိုပါတယ်။

‘’တချို့ကျတော့လည်း အမှိုက်ကောက်တာ စိတ်ဝင်စားလား၊ စိတ်မဝင်စားလား မသိဘူး။ ကိုယ်လည်း လက်လှမ်းမီသလောက် အနုပညာမောင်နှမတွေ စုပြီး အမှိုက်ကောက်ဖို့ နေရာတွေရှာတယ်။ အဓိက ကတော့ အန္တရာယ်ရှိနိုင်မယ့် နေရာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ အနုပညာရှင်တွေတောင် ဒီလိုလုပ်နေတယ်၊ ပရိသတ်တွေကိုလည်း ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ တချို့ပရိသတ်တွေက ကိုယ်တွေထက် အများကြီးလုပ်နေတာကို တွေ့ရပါတယ်။’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင် ဇေယျကလည်း အမှိုက်သန့်ရှင်းရေးတွေသာ လုပ်ဖူးပြီး အမှိုက်မကောက်ဖူးသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် ပရိသတ်တွေ၊ အနုပညာမောင်နှမတွေနဲ့အတူ အမှိုက်ကောက်ရတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း မတ်လ ၁၉ ရက်နေ့က အမှိုက်ကောက်ရင်းနဲ့ ဖြေဆိုခဲ့ပါတယ်။ 

‘’ အမှိုက်တွေ ကောက်ရတယ်ဆိုတော့ ထိမိခိုက်မိတာမျိုးတော့ ရှိတယ်။ ဖန်ကွဲစတွေရောပေါ့။ လူငယ်တွေကိုလည်း တကယ်ချီးကျူးပါတယ်။ ပျော်ပျော်ပါးပါး အားတက်သရော လုပ်ကြတယ်။ တချို့ဆို အမှိုက်နံ့မခံချင်ကြဘူး ဒါပေမယ့် လူငယ်တွေက တက်တက်ကြွကြွနဲ့ အမှိုက်ကောက်တဲ့ နေရာမှာ ပါဝင်ပေးကြလို့ ဝမ်းသာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

အမှိုက်သန့်ရှင်းရေး ပညာပေးဆောင်ရွက်နေကြတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ အဲဒီအထဲကမှ အဆိုတော်ဇွဲပြည့်၊ သရုပ်ဆောင် သီရိရှင်းသန့်နဲ့ သရုပ်ဆောင်ဇေယျတို့ကလည်း ပါဝင်လာကြတာဖြစ်ပါတယ်။ သူတို့ သုံးဦးစလုံးကလည်း ပရိသတ်အချစ်တော် အနုပညာရှင်တွေ ဖြစ်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က