စိတ်ကျရောဂါကို အမျိုးသားတွေထက် အမျိုးသမီးတွေက နှစ်ဆ ပိုခံစားရတတ်ပါတယ်။

အမျိုးသမီးလို့ ဆိုလိုက်ရင် အမျိုးသမီးပေါင်းအများကြီး ထွက်လာပါတယ်။ အမေ၊ ဇနီး ၊ အလုပ်ရှင် ၊ သူငယ်ချင်း ၊ ပြုစုစောင့်ရှောက်သူ ၊ သမီး ၊ တပည့် စတဲ့ အမျိုးအစားပေါင်းများစွာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် လူတိုင်းမှာ သူ့ကြုံတွေ့ရတဲ့ ဘဝအလိုက် စိတ် အတက်အကျ ဖြစ်တတ်ကြပါတယ်။ ပတ်ဝန်းကျင်က လူတွေကြောင့် ဖြစ်တတ်တဲ့ စိတ်အတက်အကျရှိသလို ဟော်မုန်းကြောင့် ( ကိုယ်ဝန်ကြောင့် ၊ လစဉ်ဓမ္မတာကြောင့် ) ဖြစ်တတ်တဲ့ စိတ်အတက်အကျတွေလည်း ရှိပါတယ်။ ဟော်မုန်းကြောင့်ကတော့ အချိန်တန်ရင် ပြန်ပြီး စိတ်တည်ငြိမ်သွားတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျဆင်းနေချိန်မှာ ဖြစ်တဲ့ စိတ်အတက်အကျတွေကတော့ အချိန်တန်ရင် ပျက်ပြယ်သွားတာမျိုးမဟုတ်ဘဲ နေ့စဉ်ဘဝတွေ ၊ ပေါင်းသင်းဆက်ဆံရေးတွေ နဲ့ အချစ်ရေးတွေမှာပါ အနှောင့်အယှက်ဖြစ်သွားတတ်ပါတယ်။ များသောအားဖြင့် လစဉ် ဓမ္မတာလာချိန်တွေမှာ စိတ်ကျရောဂါလက္ခဏာတွေကို ခံစားနေတတ်ကြရပါတယ်။ ဒါပေမယ့်လည်း ဒီလိုလက္ခဏာတွေကို ခံစားနေရသည့်တိုင်အောင် အမျိုးသမီးတွေက သူတို့ စိတ်ကျရောဂါဖြစ်နေတယ်ဆိုတာ သတိမမူမိတတ်ကြပါဘူး။ ဘယ်လိုအရာတွေက စိတ်ကျရောဂါလက္ခဏာတွေလဲဆိုတာ သိထားမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်ကျဆင်းနေတာတွေကို ပြန်လည် ကုစားဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးနဲ့ စိတ်ကျရောဂါ

စိတ်ဓာတ်ကျဆင်းတာဟာ ယောကျ်ားတွေထက် အမျိုးသမီးတွေက နှစ်ဆပိုများပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာ ၊ မိန်းမချင်းချင်းရဲ့ တုံ့ပြန်မှုဝေဖန်ပြောဆိုမှုတွေကြောင့် စိတ်ဓာတ်ကျတာ ၊ ပတ်ဝန်းကျင်ရဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝလှုပ်ရှားရုန်းကန်မှုအပေါ် (ဥပမာ-နေတာ ၊ ထိုင်တာ ၊ စားတာ ၊ သွားတာလာတာ၊ ဝတ်ဆင်တာတွေ) ဝဖန်တတ်ကြတဲ့ ဖိအားတွေကြောင့် စိတ်ဓာတ်ကျတာ အမျိုးမျိုးပါပဲ။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နေထိုင်မှုဘဝပုံစံတွေမှာ ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်ရပြီး စိတ်ကျရောဂါတွေ အဖြစ်များပါတယ်။

စိတ်ဓာတ်ကျနေပြီလား

စိတ်ဓာတ်ကျတာ ၂မျိုးရှိပါတယ်။ ပထမစိတ်ဓာတ်ကျခြင်းကတော့ နေ့စဉ်ဘဝမှာ စိတ်ကျေနပ်မှုမရရှိနိုင်တော့တဲ့အတွက် စိတ်ဓာတ်ကျတာမျိုးပါ။ ကိုယ့်ရဲ့ ပြုမူနေကျ အလုပ်တွေအပေါ် ဘဝင်မကျဖြစ်လာပြီး ကိုယ့်ရဲ့ စွမ်းရည်တွေ ကျဆင်းလာတယ်လို့ ခံစားလာရပြီး စိတ်ဓာတ်ကျဆင်းလာတတ်ပါတယ်။ ဒီ စိတ်ဓာတ်ကျမှုဟာ ရာသီလာချိန်တွေမှာလည်း ခံစားရတတ်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာ

ကိုယ်ဝန်ဆောင်ချိန်တွေမှာ ခံစားရတဲ့ စိတ်ဓာတ်ကျကြတာမျိုးတွေလည်း ရှိပါတယ်။ တချို့စိတ်ဓာတ်ကျတာတွေက နှစ်နှစ်အထက်ထိ တာရှည်တတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ရာသီလာချိန်တွေမှာ စိတ်ဓာတ်ကျဆင်းတတ်ကြပါတယ်။ စိတ်ဓာတ်ကျတယ်၊ စိတ်အပြောင်းအလဲမြန်တယ်။ အကောင်းမြင်စိတ်တွေ ကုန်ခမ်းနေပြီး အရာရာကို စိတ်တိုလွယ်နေတတ်တယ်။ ဒီလို အရာရာကို စိတ်တိုစိတ်ဆတ်လွယ်နေတဲ့အတွက် နေ့စဉ်လှုပ်ရှားမှုက စလို့ ၊ ပေါင်းသင်းဆက်ဆံရေး နဲ့ သမီးရည်းစားကြားအထိ မပြေလည်မှုတွေ ဖြစ်တတ်ပါတယ်။ ဟော်မုန်းကြောင့် စိတ်ဓာတ်ကျတာတွေကတော့ ကိုယ်ဝန်ဆောင်ချိန် ၊ ကလေးမီးဖွားပြီးချိန် ၊ ကလေးပျက်ကျချိန် ၊ သွေးဆုံးမတိုင်ခင် ၊ သွေးဆုံးချိန်နဲ့ ရာသီလာချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်တွေမှာ စိတ်ဓာတ်ကျဆင်းမှုက ပိုလို့ ဖြစ်တတ်ပါတယ်။

စိတ်ကျရောဂါရဲ့ လက္ခဏာတွေ

အမျိုးသမီးတွေက စိတ်အလိုမကျတာနဲ့ ထိတ်လန့်တာ ခံစားရတာမျိုး အမြဲလိုလိုဖြစ်တတ်ကြပါတယ်။ စိတ်ကျရောဂါ ခံစားရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လာတတ်ကြတယ်။ ဝမ်းနည်းတယ်၊ အရာရာ ကိုယ်နဲ့ မထိုက်ဘူးလို့ ခံစားတတ်ကြတယ်။ စိတ်ထိခိုက်တတ်ကြတယ်။ ထိပ်တိုက်ငြင်းခုန်တာတွေ ရှောင်ကြတယ်။ အစားအလွန်အကျွံစားတယ်။ တချို့ကျတော့လည်း အစားနည်းသွားကျတယ်။ သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။ ခံစားချက်တွေအကြောင်း အလွယ်တကူ ဖွင့်ဟတတ်ကြတယ်။ ဒီလိုရင်ဖွင့်တာကတော့ စိတ်ဓာတ်ကျဆင်းနေတာတွေကို အနည်းငယ်တော့ ပြေပျောက်သွားစေတတ်ပါတယ်။ အဆိုးဝါးဆုံးအခြေအနေကတော့ စိတ်ဓာတ်ကျဆင်းလာပြီး ဘဝရဲ့ အဓိပ္ပါယ်ပျောက်ဆုံးလာသလိုဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလိုခံစားလာရကာ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်တဲ့အထ် ဖြစ်လာတတ်ပါတယ်။

စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာသက်ဇော် က “စိတ်ဓာတ်ကျလာရင် လူတွေက မပျော်တော့ဘူး၊ အလကားနေရင်း ဝမ်းနည်းနေတယ် ၊ ဘဝက အဓိပ္ပါယ်မရှိ ၊ မျှော်လင့်ချက်မရှိသလို ခံစားရတယ်။ တချို့က အရမ်းအိပ်တယ်၊ တချို့က အိပ်တာနည်းပြီး အစောကြီးနိုးနေပေမယ့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ ဒီလိုပဲ တချို့က အစားအသောက်တွေ သိပ်မစားတော့ဘူး။ တချို့က စိတ်ဓာတ်ကျလာရင် အစားအသောက်တွေ အရမ်းစားလာတာရှိတယ်။ နောက်ပြီး နေ့စဉ်အလုပ်တွေမှာ အာရုံစိုက်လို့မရတော့ဘူး။ ဆုံးဖြတ်ချက်တွေမချနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလို ခံစားလာရတယ်။ အရင်က ပျော်ရွှင်ခဲ့တာတွေ မပျော်ရွှင်နိုင်တော့ဘူး။ အလကားနေရင်းနဲ့ ငိုချင်လာတယ်။ ခြေကုန်လက်ပန်းတွေ ကျလာတယ်။ အဲဒီမှာမှ သေသွားရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေ ဝင်လာတတ်တယ်။ အဲဒီအချက်တွေထဲက ငါးချက်လောက်က နှစ်ပတ်လောက် ဖြစ်နေပြီဆိုရင် ဒါက စိတ်ဓာတ်ကျတာ ဖြစ်နေပြီ” လို့ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာရပ်တွေအကြောင်း ပြောပါတယ်။

မျိုးရိုးဗီဇအရ စိတ်ဓာတ်ကျတာ

မျိုးရိုးဗီဇအရ စိတ်ဓာတ်ကျတာတွေ ရှိပါတယ်။ မိသားစုအတွင်းမှာ စိတ်ကျရောဂါဖြစ်တဲ့သူရှိနေခဲ့ရင်လည်း စိတ်ဓာတ်ကျတတ်သူ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို မျိုးရိုးဗီဇအရ စိတ်ကျတာကိုတော့ ခံနိုင်ရည်ရှိအောင် ထိထိရောက်ရောက် ကာကွယ်လို့တော့ရပါတယ်။ ကောင်းတဲ့ ပတ်ဝန်းကျင် နဲ့ ကျန်းမာသန်စွမ်းတဲ့ မိသားစုတွေက ဝိုင်းဝန်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ကြီးပြင်းလာခဲ့မယ်ဆိုရင် မျိုးရိုးအရ စိတ်ဓာတ်ကျတာတွေကို ကာကွယ်လို့ရပါတယ်။

ဘယ်လို ကုစားမလဲ

စိတ်ဓာတ်ကျတာကို ဆေးဝါးနဲ့ ကုသလို့ရသလို နှစ်သိမ့်ဆွေးနွေးမှုတွေနဲ့လည်း ကုစားလို့ရပါတယ်။ အိပ်ရေးဝဝအိပ်မယ် ၊ ပုံမှန်စားသောက်မယ်၊ ကျန်းမာတဲ့ လူနေမှုပုံစံမျိုး နေထိုင်ပြုမူမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် စိတ်ဓာတ်ကျတာတွေ ပြေပျောက်သွားနိုင်ပါတယ်။ ဝါသနာပါတာတွေကို အာရုံစိုက်ပြီး လုပ်ဆောင်တာ ၊ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုတာ ၊ ယုံကြည်ရတဲ့သူကို ရင်ဖွင့်တာ ၊ အသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်တာတွေ နဲ့ ကိုယ်စိတ်ဝင်စားရာတစ်ခုခုကို လေ့လာသင်ယူတာတွေက စိတ်ဓာတ်ကျဆင်းတာတွေကို ကုစားနိုင်မှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က