ဒီဘက်ခေတ်မှာ ကျား မ တန်းတူညီမျှအခွင့်အရေးရဖို့ အရမ်း ကြိုးစားလာတတ်ကြပါတယ်။ ဒီလို အမျိုးသမီးတွေ နယ်ပယ်စုံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့အတွက် ကြိုးပမ်းကြတဲ့အတိုင်း နယ်ပယ်စုံမှာ အမျိုးသမီးတွေ ရပ်တည်လာနိုင်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ခုချိန်ထိ ရှိနေဆဲအရာကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် နှိမ်ချဆက်ဆံတာပါ။ ဒါကို ယောကျာ်းတွေတင်မှ လုပ်တာမျိုးမဟုတ်ဘဲ အမျိုးသမီးအချင်းချင်းလည်း လုပ်တတ်ကြပါတယ်။
အမျိုးသမီးချင်း ရိုင်းပင်းကူညီကြဖို့ လိုအပ်ပါတယ်
အမျိုးသမီးအချင်းချင်း ရိုင်းပင်းကူညီတတ်ကြဖို့လိုအပ်ပါတယ်။ ဒီဘက်ခေတ်လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ပေါများလာသလို အလုပ်လောဘကြီးတာကလည်း အမျိုးသမီးတွေပဲ ဖြစ်နေတတ်ပါတယ်။ ဒီလို အလုပ်လောဘကြီးလာတာနဲ့အမျှ ယှဉ်ပြိုင်မှုတွေ တစတစကြီးထွားလာပြီး ချိုးဖဲ့ပြောဆိုတာမျိုးတွေအထိ ဖြစ်လာပါတယ်။ ပေါ်တင် ချိုးဖဲ့ပြောဆိုလိုက်တာတွေ ရှိသလို ကွယ်ရာမှာ ချိုးဖဲ့ပြောဆိုတာတွေ ရှိလာပါတယ်။ အမျိုးသမီးတွေ တိုးတက်အောင်မြင်ဖို့ အချင်းချင်း ရိုင်းပင်းကူညီကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း အချင်းချင်း ချိုးဖဲ့နေမယ့်အစား ၊ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဝေဖန်ချိုးနှိမ်နေမယ့်အစား အချင်းချင်း ရိုင်းပင်းကူညီမှသာလျှင် အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေ၊ အခွင့်အလမ်းတွေ ပိုတိုးလာမှာ ဖြစ်ပါတယ်။
ကျားမ ခွဲခြားဆက်ဆံမှုမျိုးကို ကိုယ့်ဘက်ကအရင်စမလုပ်မိပါစေနဲ့
Relation တစ်ခုပြတ်တောက်ပြီဆိုရင် “ပြတ်မှာပေါ့ သူကမှ အထိန်းအသိမ်းမတော်တာကိုး” ဆိုတဲ့ စကားတွေကို ယောကျာ်းတွေထက် မိန်းမချင်းပြောကြတာပိုများပါတယ်။ အဆုံးစွန် အဓမ္မပြုကျင့်မှု ဖြစ်ခဲ့ရင်တောင် “မိန်းမဖြစ်ပြီး အနေအထိုင်မတတ်တာကိုး” ဆိုပြီး မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် အပြစ်ပုံချလိုက်ကြတာများပါတယ်။ တကယ်တော့ လူတိုင်းက ကိုယ့်စည်း ကိုယ့်ဘောင်နဲ့သာ နေကြထိုင်ကြဖို့ လိုအပ်ပါတယ်။ မိန်းမတစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေ မလိုအပ်ပါဘူး။ ဒီတော့ မိန်းမ ဖြစ်ပြီးတော့ ဆိုတဲ့စကားမျိုးနဲ့ မိန်းမအချင်းချင်း ဘောင်ခတ်လိုက်တာမျိုးတွေ မလုပ်ဘဲ အမျိုးသမီးတွေလည်း ကိုယ့်ရဲ့ စည်းဘောင်အတွင်းမှာ လွတ်လပ်စွာ ကြံဆနေထိုင်ခွင့်ရှိကြောင်း အမျိုးသမီးတွေ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။
နှိမ်ချဆက်ဆံတာမျိုးတွေ ရှောင်ပါ
အထက်ကပြောခဲ့သလိုပါပဲ။ မိန်းမတွေကို နှိမ်ချဆက်ဆံတတ်တဲ့သူအများစုဟာ မိန်းမတွေပါပဲ။ ဘယ်လိုဝတ်လို့ ဘယ်လိုစားလို့ ၊ ဘယ်လိုနေထိုင်လို့ ၊ ဘယ်လိုပြောဆိုလို့ စတဲ့ ဝေဖန်မှုတွေနဲ့အတူ မိန်းမဖြစ်ပြီးတော့ ဆိုတဲ့ စကားတွေဟာ အတော်ကို ခါးသီးစရာကောင်းလွန်းပါတယ်။ သူက ဖြစ်ပါ့မလားဆိုတဲ့ နှိမ်ချဆက်ဆံတာမျိုးတွေကို ဖျောက်ပြီး အမျိုးသမီးတွေအတွက် တာဝန်ယူရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးကြဖို့ လိုအပ်ပါတယ်။ တကယ်ကို အပင်ပန်းခံနိုင်သလို တာဝန်ယူရဲတဲ့ သတ္တိဟာ အမျိုးသမီးတွေမှာ ရှိကြောင်း ပြသရမယ့်အချိန်ကို ရောက်နေပါပြီ။
အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်စိတ်တိုင်းကျ နေခွင့်ရှိတယ်ဆိုတာ လက်ခံပါ
အမျိုးသမီးလည်း လူပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ ကိုယ်တိုင် ကိုယ့်ရဲ့ စိတ်ခံစားချက် ၊ ကိုယ့်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုနဲ့ကိုယ် ဘယ်သူကိုမှ ထိခိုက်မနစ်နာဘူးဆိုရင် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်။ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်နဲ့ ဘာမလုပ်ရဘူး၊ ဘာမဝတ်ရဘူး ၊ ဘယ်လိုမနေရဘူး ဆိုတဲ့ ပိတ်ပင်တားဆီးချက်တွေဟာ မရှိသင့်တော့ပါဘူး။ အမျိုးသမီးတွေကိုယ်တိုင် ကိုယ့်စိတ်တိုင်းကျ ကိုယ့်ဘဝကိုယ် ပုံဖော်ပိုင်ခွင့် အပြည့်အဝရှိနေပါပြီ။
စာရေးဆရာမတစ်ယောက်ဖြစ်သလို အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ ကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီပေးလေ့ရှိတဲ့ ဆရာမမိချမ်းဝေကလည်း အမျိုးသမီးတစ်ယောက်ရဲ့ ရပ်တည်မှုအပေါ် သူ့ရဲ့ အမြင်တွေကို ဝေမျှပေးခဲ့ပါတယ်။
"အမျိုးသမီးအချင်းချင်းဝေဖန်တာမျိုးရှိပါတယ်။ ဆရာမကိုယ်တိုင်တောင် ကြုံဖူးတယ်။ ဆရာမကပြင်ပအပြင်အဆင်ကိုပြောရင် အာရုံထဲမထားတတ်ဘူး။ ကိုယ်ပြင်ဆင်မှုကသူတပါးကိုမထိခိုက်ဖို့ ၊ အနှောင့်အယှက်မဖြစ်ဖို့ပဲလိုတာပါ။ အမျိုးသမီးအချင်းချင်းကလည်း လူသားတစ်ဦးအနေနဲ့ ရိုင်းပင်းကြဖို့လိုပါတယ်။ လောကမှာကိုယ်ချည်းရပ်တည်လို့မရပါဘူး။ ပင်စည်နဲ့ ကိုင်းလက်ရွက်ရှင်လို အုပ်မိုးဖြာယှက်နေတာမို့ အချင်းချင်းကူညီရိုင်းပင်းသွားရမှာပါ။ တူတာတွေ လက်တွဲခေါ်ရမှာဖြစ်သလို မတူတာတွေကိုလည်း မထားခဲ့ဘဲပါနိုင်သလောက် လက်တွဲခေါ်ရမှာဖြစ်ပါတယ်။"
ဒီလို အမျိုးသမီးတွေ အခွင့်အရေးအပြည့်အဝရရှဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်က အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လေးစားဖို့ လိုအပ်ပါတယ်။ ကိုယ်ကတောင် အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှုကို မလေးစားဘူးဆိုရင် သူတပါးဆီကနေ လေးစားမှုလိုချင်လို့ မရနိုင်တော့ပါဘူး။ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့ဆိုတာ အမျိုးသမီးတွေရဲ့ လက်ထဲမှာပဲ ရှိတဲ့အရာပါ။ ဒါ့ကြောင့် အချင်းချင်း ဖေးမရိုင်းပင်းကူညီဖို့ အထူးလိုအပ်ပါတယ်။