In partnership with  logo
ခံစားချက်ကို ဦးစားပေးတတ်တဲ့ မိန်းကလေးတွေဟာ လုပ်ငန်းခွင်မှာလည်း အမှားတွေ ကျူးလွန်တတ်ကြပါတယ်။

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေ တော်တော်များများ လုပ်ငန်းခွင်တွေမှာ ရောက်ရှိလာကြပါတယ်။ ဟိုအရင်ခေတ်ကလို အမျိုးသမီးတွေ အိမ်တွင်းပုန်းတယ်ဆိုတာ ရှာမှရှားဆိုသလို ဖြစ်လာပြီး အိမ်ထောင်သည်ကလေးအမေတွေကအစ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ ဒါက ခုခေတ်အခါအရ စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရှာဖွေရတာ မလုံလောက်သလို အမျိုးသမီးတွေ အေနေနဲ့လည်း ကိုယ့်ရဲ့ အစွမ်းအစတွေကို အိမ်ထဲမှာ လှောင်မထားဘဲ တကယ်ကို အသုံးချနေကြတဲ့ ခေတ်ကာလကို ရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ…တစ်ခုခုဆို စိတ်ထိခိုက်လွယ်တဲ့ ၊ အားနာတတ်တဲ့ ၊ ချီတုံချတုံဖြစ်တတ်တဲ့ စိတ်ကလေးတွေကတော့ ရှိနေကြဆဲပါပဲ။ ဒါတွေက အပြင်လောက၊ မိသားစုဆွေမျိုးသားချင်းနဲ့ ချစ်သူသူငယ်ချင်း မိတ်ဆွေတွေကြားမှာ ပြဿနာမရှိပေမယ့် လုပ်ငန်းခွင်မှာတော့ ပြဿနာရှိလာပါပြီ။ ဒီတော့ လုပ်ငန်းခွင်က အမျိုးသမီးတွေ ရှောင်ရှားလို့ရအောင် အမျိုးသမီးတွေ လုပ်တတ်တဲ့ အမှားတချို့ကို ပြောပြပေးချင်ပါတယ်။ 

လစာနည်းနေလည်း လက်ခံတယ်

အမျိုးသမီးတချို့က အလုပ်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ လစာနည်းနေမှန်းသိရဲ့နဲ့ လက်ခံလိုက်တာမျိုးတွေ ရှိပါတယ်။ လစာက တိုးပေးသင့်တယ်လို့ စိတ်ထဲက ခံစားမိနေရင်တောင်မှ ပါးစပ်က ထုတ်ပြောဖို့ကို တွန့်တတ်ကြပါတယ်။ ဒါက အကြီးမားဆုံးအမှားပါပဲ။ ကိုယ်ဘယ်လောက် အလုပ်လုပ်တယ်၊ ကိုယ်က ဘယ်လောက်မှထိုက်တန်တယ်ဆိုတာမျိုး ကိုယ့်ဘာသာသိရပါမယ်။ ကိုယ့်အလုပ်ကိုယ် လေးစားတယ်ဆိုရင် လစာနည်းတာကို လက်မခံပါနဲ့ ။ 

အလကားတွေ လုပ်ပေးတယ်

အမျိုးသမီးတွေက ဘာမဆို ကူညီချင်စိတ် တအားများကြပါတယ်။ ဘာလေးဖြစ်ဖြစ် ဝင်လုပ်ပေးရမှ ကျေနပ်တဲ့ မိခင်စိတ်ကို ဒီလို လုပ်ငန်းခွင်မှာ အသုံးချနေကြတာ တကယ့်လွဲမှားမှုကြီးပါ။ ကိုယ့်ရဲ့ အချိန်ကို တန်ဖိုးထားရပါမယ်။ အချိန်က ပိုက်ဆံပါပဲ။ ကိုယ့်ရဲ့ အချိန်ကို ကိုယ်နဲ့ မသက်ဆိုင်တဲ့နေရာမှာ အလဟဿ အချိန်မဖြုန်းလိုက်ပါနဲ့ ။ ကိုယ့်အချိန်ကို ကိုယ်က လေးစားမှ သူများကလည်း လေးစားမှာပါ။

သတင်းသမားတစ်ယောက်ဖြစ်တဲ့ အိမမမွန်က အမျိုးသမီးတွေ မှားတတ်တဲ့ လုပ်ငန်းခွင်အမှားတွေကို ခုလိုထောက်ပြပါတယ်။

“များသောအားဖြင့်မှားတတ်တာတော့ သူများတကာ လာမခွဲခြားခင် ကိုယ့်ကိုယ်ကို ခွဲခြားတာမျိုး၊ ကိုယ်ကစပြီး ခွဲခြားမိတာမျိုး စကားအသုံးအနှုန်းတွေကအစပေါ့။ အတင်းပြောနေတာ မိန်းမကြီး ကျနေတာပဲတို့ဘာတို့။ ပြီးတော့ မိန်းကလေးဆိုပြီး အခွင့်ရေးပိုလိုချင်တာမျိုး မသိမသာရှိတတ်တယ်။များသောအားဖြင့်အလုပ်တွေကလည်း မိန်းကလေးဆိုရင် ဦးစားပေးတာများတယ်လေ.. အရည်အချင်းနဲ့ပဲ ကိုယ့်နေရာ ကိုယ့်အခွင့်အရေးကိုယူတာကောင်းတယ်။ ကျားမဖြစ်တည်မူပေါ်မူတည်ပြိး ကိုယ့်အခွင့်အရေးကို ယူတာမကောင်းဘူးပေါ့..။ နောက်တစ်ခုက များသောအားဖြင့်ရုံးတွေမှာဆိုရင် မိန်းကလေးတွေက အလုပ်ပိုလုပ်နိုင်ကြတယ်။ အဲဒီတော့ အားနာပြီးတာဝန်တွေလိုတာထပ်ပိုယူမိတာ မနိုင်မနင်းဖြစ်တာမျိးတွေလည်း တွေ့ဖူးတယ်”

ဟင့်အင်းလို့ ငြင်းရမှာကြောက်တယ်

တစ်ခုခုပြောလာရင် မလုပ်နိုင်ပါဘူး၊ ဟင့်အင်းလို့ ပြောရမှာကို အတော် တွန့်ဆုတ်တတ်ကြပါတယ်။ ငြင်းဆိုရမှာကို အားနာတတ်တာက လုပ်ငန်းခွင်မှ မဟုတ်ဘူး နေရာတိုင်းလိုလိုကို ဖြစ်နေတာပါ။ ဘာကိစ္စပဲ ဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ် အရင် ငဲ့ရပါမယ်။ ကိုယ်ထိခိုက်နစ်နာမယ့်အရာမျိုးအတွက် ဟင့်အင်း ဆိုတဲ့ စကားကို သုံးကိုသုံးရမှာပါပဲ။ 

လုပ်ငန်းခွင်မှာ ငိုတာ

ဘာကိစ္စပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ ငိုတာမျိုးကို မိန်းကလေးတချို့ လုပ်တတ်ကြပါတယ်။ သူငယ်ချင်း၊ မိသားစု၊ ချစ်သူ စတဲ့လူတွေနဲ့ ရန်ဖြစ်လို့ ငိုတာ ၊ အထက်လူကြီးက ဆူလိုက်လို့ ငိုတာ ၊ ကိုယ့်ရဲ့ အတွင်းရေးကိစ္စကြောင့် ငိုတာ စတဲ့ ငိုနည်းပေါင်းစုံနဲ့ လုပ်ငန်းခွင်မှာ ငိုတတ်ကြပါတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ Professional အလုပ်လုပ်နေတဲ့ သူတွေအတွက် လုပ်ငန်းခွင်က မူကြိုကျောင်းမဟုတ်ပါဘူး။ ဒီလို ငိုတတ်တဲ့အကျင့်ရှိရင်လည်း လုပ်ငန်းခွင်ထဲမှာတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ 

ဖုန်းမျှော်နေတာ ၊ Chatting ထိုင်နေတာ

ယောကျာ်းလေးတွေ ဂိမ်းဆော့သလိုပါပဲ။ မိန်းကလေးတွေ Chatting ထိုင်နေရင်လည်း တစ်နေကုန်မပြီးတော့ပါဘူး။ ကိုယ့်ရဲ့ အလုပ်တွေကို ပစ်ထားပြီး ဖုန်းမျှော်နေတာတွေ ၊ Chat room မှာ အချိန်တွေ ကုန်ဆုံးနေတာတွေက အလုပ်ကိုသာမက ကိုယ့်ရဲ့ အရည်အချင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

စကားအရမ်းများတာ

အမျိုးသမီးတွေက ပစိပစပ်များတယ်ဆိုတာ တကယ်တော့အမှန်ပါပဲ။ စကားအရမ်းများကြတာကိုက အမျိုးသမီးတွေရဲ့ ဗီဇလိုကို ဖြစ်နေပါပြီ။ ဒါပေမယ့် လုပ်ငန်းခွင်မှာ မသက်ဆိုင်တဲ့အကြောင်းအရာတွေကို အသံကျယ်ကျယ်နဲ့ ပြောနေမယ်ဆိုရင်တော့ ဒါဟာ လုပ်ငန်းခွင်မှာ မလုပ်သင့်တဲ့ အရာဖြစ်သွားပါပြီ။ ဒါ့ကြောင့် လုပ်ငန်းခွင်နဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ ပြောချင်တယ်ဆိုရင်တောင် သူများစိတ်အနှောင့်အယှက်မဖြစ်အောင် ပြောကြဖို့ လိုပါမယ်။ 

အလုပ်တွေပိုယူတာ

အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းက တကယ်ကို မြင့်မားပါတယ်။ ဒီလို မြင့်မားတဲ့အတွက် တာဝန်တွေလည်း ပိုပိုပေးလာတတ်ကြပါတယ်။ ငြင်းဆန်ရမှာကို အားနာကြတဲ့အခါမျိုး၊ အလုပ်လောဘတက်ပြီး အလုပ်တွေပိုယူကြတဲ့အခါမျိုးမှာ အလုပ်တွေပိပြီး မနိုင်မနင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာလည်း အမှားထဲက အမှားတစ်ခုပါပဲ။   

ကချင်ပြည်နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဌေးဝင်းကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ခုလို မျှဝေပါတယ်။

"လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေ မှားတတ်လေ့ရှိတဲ့အချက်တွေကတော့ လုပ်ငန်းခွင်မှာ သူများကို အရေးပေးပြီးတော့ ကိုယ့်ကို လျစ်လျူရှူထားတယ်လို့ ထင်တာ၊ ခံစားချက်ကို ဦးစားပေးတတ်တာ၊ လုပ်ငန်းခွင်ကို ကိုယ့်အိမ်မှာလို၊ ကိုယ့်မိသားစုတွေလို လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ကောက်စိတ်ဆိုးတတ်တာ၊ ကလေးဆန်တာ ဒါတွေကလည်း မိန်းကလေးတွေလုပ်ငန်းခွင်မှာ မှားတတ်လေ့ရှိတဲ့ အချက်ကလေးတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေကိုပဲ ဦးစားပေးတယ်၊ အမျိုးသမီးတွေကို ခွဲခြားနှိမ့်ချဆက်ဆံတယ်လို့ ထင်တာ။ အဲဒီလို ထင်တဲ့ အမျိုးသမီးတွေကပဲ တစ်ခုခုခိုင်းလိုက်တဲ့အခါမှာ အမျိုးသမီးတစ်ယောက်ကို ဒါမျိုး ခိုင်းရသလားဆိုပြီး Gender ခွဲခြားတာ။ ဒါတွေက အမျိုးသမီးတွေ မှားလေ့ရှိကြတဲ့ လုပ်ငန်းခွင်အတွင်းအမှားတွေလို့ အစ်မကတော့ ထင်မြင်ယူဆမိပါတယ်။"

တချို့အမှားတွေက မသိဘဲနဲ့ မှားတာမျိုးတွေ ရှိသလို တချို့အမှားတွေကလည်း သိသိကြီးနဲ့ မှားကြတာမျိုးတွေ ရှိပါတယ်။ ဘယ်လိုပဲမှားယွင်းပါစေ တည့်မတ်ရမယ့် တာဝန်က အမျိုးသမီးတိုင်းမှာ ရှိပါတယ်။ ဒီတော့ ကိုယ့်ကြောင့် သူတပါး ထိခိုက်မယ့် အမှားပဲဖြစ်ဖြစ် ၊ ကိုယ့်ကြောင့် ကိုယ်ကိုယ်တိုင် ထိခိုက်မယ့် အမှားပဲ ဖြစ်ဖြစ် နှစ်ခုစလုံးကို မလုပ်မိတာ အကောင်းဆုံးပါပဲ။

 

 

Share

Loading Next Article...
က္က