ခိုင်နှင်းဝေဟာ "ရင်သွေးလေးများရိပ်မြုံ" က ကလေးလေးတွေကို ကျောင်းထားပေးနိုင်ပြီဖြစ်တဲ့အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ သူမရဲ့ ရင်သွေးလေးတွေကိုလည်း ပညာအမွေပေးနိုင်ပြီလို့ ဆိုပါတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးအယောက်(၃၀)ကို ဒီနေ့(ဒီဇင်ဘာလ ၁၀)ရက်မှာ ကျောင်းအပ်နှံနိုင်ခဲ့ပြီလို့ သိရပါတယ်။ ကလေးတွေကို ကျောင်းထားပေးနိုင်ပြီဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်နေတယ်လိုDuwun Media ကို ပြောပြခဲ့ပါတယ်။
"အိပ်မက်စိတ်ကူးတွေထဲက နောက်ထပ်တစ်ခု ပြည့်စုံစေသောနေ့။ ကျွန်မရဲ့ ရင်သွေးလေးတွေကို မြန်မာနိုင်ငံရဲ့ပထမဆုံး Right Brain trainning school ဖြစ်တဲ့ Olympian’s ကနေ ပညာဒါနထောက်ပံ့ပေးတဲ့အတွက် ကလေးတွေကိုဒီနေ့ ကျောင်းသွားအပ်ဖြစ်ပါတယ်။ကျောင်းပိုင်ရှင်အစ်မက ဂေဟာကိုလာပြီး ကလေးတွေကို အခုလိုပညာဒါနပေးမယ်ပြောတော့ ကျွန်မဘာမှဆက်မပြောနိုင်အောင်ဝမ်းသာရပါတယ်။ကျွန်မတစ်ယောက်တည်းအင်အားနဲ့ ကလေးအယောက် ၃၀ ကို အခုလိုကျောင်းမျိုးထားနိုင်ဖို့ဆိုတာ လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး" လို့ဆိုပါတယ်။
ခိုင်နှင်းဝေဟာ သူမရဲ့ ကလေးတွေအတွက် ပညာရေးနဲ့ပတ်သက်ပြီး မျှော်မှန်းချက်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ပညာအမွေ ပေးနိုင်ပြီလို့လည်း သူကဆိုပါတယ်။
"စိတ်ကူးထားတာက မူကြိုထားတဲ့အရွယ် မူကြိုထားမယ်၊ ကျောင်းထားရမယ့်အရွယ်မှာ အစိုးရကျောင်းထားမယ်လို့ပေါ့။ ကလေးတွေရဲ့ကုသိုလ်ကံရယ်၊ အလှူရှင်တွေရဲ့စေတနာတွေရယ်၊ ကျွန်မရဲ့မေတ္တာတွေရယ်ပေါင်းစပ်ပြီး သား/သမီးတွေအတွက် လူ့လောကထဲအကောင်းဆုံးရပ်တည်သွားနိုင်မယိ့ ပညာအမွေပေးနိုင်ခဲ့ပါပြီ" လို့ သူကဆိုပါတယ်။
"ရင်သွေးလေးများ ရိပ်မြုံ" က ကလေးတွေတွေအတွက် စိတ်ကူးထားတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီဖြစ်လို့ ခိုင်နှင်းဝေကတော့ အပြုံးပန်းတွေ ဝေဆာနေပါတယ်။
"အခုအရွယ်ထဲက အလေ့အကျင့်ကောင်းများ၊ပညာများ၊ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဆက်ဆံနိုင်ဖို့တွေကို စနစ်တကျသင်ကြားနိုင်ပြီမို့ ကျွန်မ မျှော်လင့်မိသော အနာဂတ်ရဲ့ ခိုင် မျိုးဆက်သူရဲကောင်းများ၊ ခိုင် မိသားစုကြီးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်သောသူများကိုမွေးထုတ်နိုင်ခဲ့ပြီလို့ ကျေနပ်ရင်း ကလေးတို့ရဲ့ မေမေ အပျော်ရွှင်ဆုံးနေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ပြန်ပါပြီရှင်" ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
ခိုင်နှင်းဝေ(Khine Hnin Wai )ဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးအယောက် ၃၀ ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။သူမဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။