နောက်ဆုံးပေါ် flagship processor သုံး ဖုန်းတွေထဲမှာ Xperia 1 II ဟာ တမူထူးခြားနေပါတယ်။
Xperia 1 II (Xperia One Mark Two) ဟာ flat အနားသတ်တွေနဲ့ လာပြီး အထက်အောက် ပါးလွှာတဲ့ bezel တွေက အချိုးကျပြီး မျက်စိပသာဒ ဖြစ်စေတဲ့ ဒီဇိုင်း သုံးထားပါတယ်။ ပါဝါခလုတ်ဟာ ဖုန်းညာဘောင်ရဲ့ အလယ်မှာ ထည့်ထားပြီး လက်ဗွေဖတ်စနစ်ကိုလည်း power button မှာပဲ တပ်ဆင်ထားပါတယ်။
ဒီဖုန်းဟာ Sony ရဲ့ ပထမဆုံး 5G ကွန်ရက်စနစ် ပံ့ပိုးတဲ့ ဖုန်းဖြစ်ပြီး display ကလည်း 4K resolution ပါရှိပါတယ်။ ကိုယ်ထည်အချိုးဟာ 21.5:9 ratio ဖြစ်လို့ ရှည်လျားသေးသွယ်ပြီး ဖျော်ဖြေရေးအတွက် အကြိုက်တွေ့မှာပါ။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မဟာ HDR video တွေ ပံ့ပိုးထားတဲ့ OLED panel အမျိုးအစား ဖြစ်ပြီး ရုပ်ထွက်အနုစိတ်ကြည်လင်ဖို့ ပုံရိပ်အလှုပ်မှာ မှုန်ဝါးမှု လျှော့ပေးနိုင်မယ့် Motion Blur Reduction နည်းပညာ ထည့်သွင်းထားပါတယ်။
Photo: phonearena
ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာစနစ် သုံးထားပြီး ကင်မရာ resolution ကတော့ 12MP ပဲ သုံးထားတာပါ။ ကင်မရာ sensor အနေနဲ့ main lens ၊ ultrawide နဲ့ telephoto ကင်မရာဆိုပြီး သုံးလုံးပါပြီး ပိုကြီးတဲ့ sensor နဲ့ပုံရိပ်ဖမ်းမှု ပိုမြန်တဲ့ lens တွေ ပါလာပါတယ်။ main ကင်မရာနဲ့ Telephoto တို့ဟာ OIS နဲ့ PDAF sensor တွေ သုံးထားပါတယ်။
focus စနစ်မှာ Xperia 1 II ဟာ autofocus ဖမ်းမှုမှာ 20fps နှုန်းနဲ့ ဖမ်းနိုင်တဲ့ ပထမဆုံးဖုန်းလို့ Sony က ကြေညာပါတယ်။ နောက်ထပ် ထူးခြားတာက ကင်မရာစနစ်မှာ ZEISS အမှတ်တံဆိပ်ကို ပထမဆုံး သုံးလာပြီး professional lens တွေမှာပဲ တွေ့ရမယ့် ZEISS T* ရောင်ပြန်ကာ coating ပါရှိပါတယ်။ ဗွီဒီယိုရိုက်ကူးမှုမှာ 4K video ကို 24,25,30 နဲ့ 60fps နှုန်းတွေနဲ့ ရိုက်ကူးနိုင်ဖို့ ပံ့ပိုးထားပြီး ရှေ့ဘက်မှာ 8MP selfie ကင်မရာ သုံးထားပါတယ်။
Photo: The Verge
Xperia 1 II ဟာ ရေစို/ဖုန်တင်တဲ့ ဒဏ်ကို IP65/68 rating ခံနိုင်ရည် ရှိပြီး wireless charging ပါတဲ့ 4000mAh ဘက်ထရီ ပံ့ပိုးထားပါတယ်။ ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 865 processor သုံးထားပြီး Sub 6 GHz ကွန်ရက်ပေါ်မှာ အလုပ်လုပ်နိုင်မယ့် 5G modem ပါရှိပါတယ်။
RAM 8GB/256GB storage ပါရှိပြီး Android 10 စနစ် သုံးထားပါတယ်။ အရောင်အနေနဲ့ အနက်နဲ့ ခရမ်းကာလာနှစ်ရောင်နဲ့ ထွက်ထားပြီး ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။