မဒီတို့ရဲ့နေ့စဉ်ဘဝမှာ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့လိုအပ်ပါတယ်။ ဒီလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့၊ အပူအပင်တွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေစေဖို့ မဒီတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ GYM သွားပြီး ပုံမှန်ဆော့ပေးတာပါပဲ။
အမျိုးသမီးတော်တော်များများဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး သဘောမကျတာတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်မှုနည်းပါးသွားတတ်ကြပါတယ်။ ဒီအရာတွေအတွက် GYM သွားပြီး ပုံမှန်ကစားနိုင်တယ်၊ အဲ့ဒီအားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောင်းလဲနိုင်တယ်ဆိုတာကို သိကြသည့်တိုင် အချိန်မပေးနိုင်တာ၊ တစ်ယောက်တည်းသွားပြီးမဆော့ရဲတာ၊ တစ်ခါသွားပြီး နောက်ပိုင်း ဆက်မသွားဖြစ်တော့တာ စတဲ့အခြေအနေမျိုးတွေ အမြဲကြုံနေတတ်ကြပါတယ်။ ဒီတော့ GYM သွားချင်လျက်နဲ့၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချင်လျက်နဲ့ ဒီနေ့ထိ မလုပ်ဖြစ်သေးတဲ့ အမျိုးသမီးတွေအတွက် အရေးအကြီးဆုံးအချက်တွေက ပန်းတိုင်တစ်ခုထားရှိဖို့၊ ကိုယ့်ကိုယ်ကိုယ်သေချာဆန်းစစ်ဖို့နဲ့ ချက်ချင်းစတင်ဖို့ပဲ ဖြစ်ပါတယ်။
မဒီတို့အနေနဲ့ GYM မဆော့ခင် ကိုယ့်ကိုယ်ကိုယ် သေချာစေဖို့ ဆိုတာက ၀ိတ်ချချင်တယ်ဆို ဘယ်လောက်ထိ ကျသွားချင်တာလဲ၊ လက်မောင်း၊ တင်ပါးစတာတွေပြည့်ချင်တာဆိုလည်း ဘယ်လောက်ထိလဲ၊ အချိုးအစား ပိုကြည့်ကောင်းပြီး ပုံစံပြောင်းသွားချင်တာလား စတဲ့အရာတွေကို အလေးထားတွေးဖို့ပါ။ ဒီလိုစိတ်ကို အလေးအနက်ထား ဆုံးဖြတ်ပြီး GYM သွားတဲ့အခါ မဖြစ်မနေလုပ်ဆောင်မယ်ဆိုတဲ့ စိတ်လေးရှိသွားမှာဖြစ်ပြီး ဘယ်လိုဘော်ဒီအချိုးအစားရအောင် လုပ်မယ်ဆိုတဲ့ စိတ်အားတက်ကြွမှုလေးလည်း ရှိသွားပါလိမ့်မယ်။
GYM ဆော့တာ ၆လကျော်လောက်ရှိပြီဖြစ်တဲ့ မရွှေလဲ့ကိုကိုကတော့ “GYM စဆော့ဖြစ်တာကတော့ ကျန်းမာရေးကောင်းဖို့အတွက်နဲ့ ဗိုက်ချပ်တင်ထွက်ဖို့ ရည်ရွယ်ပြီးဆော့ဖြစ်ပါတယ်။ ဆော့ရင်းနဲ့ ကိုယ့်အတွက် ကောင်းကျိုးတွေအများကြီးဆိုတာ ပိုသိလာလေလေ ရက်ပျက်မခံဘဲ ပုံမှန်ဆော့ဖြစ်လာလေလေပါပဲ” လို့ ဆိုပါတယ်။
GYM စဆော့မယ့် မဒီတစ်ယောက်အတွက် သိထားရမယ့်အကြောင်းလေးတွေ ရှိပါတယ်။ အဲ့ဒါကိုတော့ Universal Fitness Club ရဲ့ GYM Trainer တစ်ယောက်ဖြစ်တဲ့ မယမုံမေက
“GYM စဆော့တော့မယ်ဆိုရင် အဓိကအရေးကြီးတာကတော့ ကိုယ်က ဘယ်လိုခန္ဓာကိုယ်ကိုလိုချင်တာလဲ။ ဝိတ်ကျချင်တာလား၊ ကိတ်ချင်တာလားပေါ့။ လိုချင်တဲ့ body goal တစ်ခုထိ သေချာသွားနိုင်ရမယ် ဆိုတဲ့စိတ်လေးနဲ့ ကြိုးစားဖို့တော့ တိုက်တွန်းချင်တယ်။ သိထားသင့်တာကတော စဆော့တာဖြစ်လို့ ကြွက်သားတွေနာကျင်မယ်။ ဒါကတော့ ဖြစ်နေကျမို့ နာကျင်နေလည်း နောက်ရက်တွေမှာgymလာဖို့ လိုတယ်ဆိုတာမျိုးတွေ သိထားရပါမယ်” လို့ ပြောပြပေးသွားပါတယ်။
ဒါ့အပြင် အမျိုးသမီးအများစုက GYM ဆော့တော့မယ်ဆိုရင် တွေးကြောက်တတ်တဲ့အရာကိုလည်း သူမက ခုလို ဆိုသွားပါသေးတယ်။ “မိန်းကလေး အများစုက gymဆော့လိုက်လို့ အလေးမရင် ယောက်ျားလေးတွေလို အဖုအထစ်ကြီးတွေ ထွက်မလာချင်ဘူးပြောကြတယ်။ တကယ်က အဲ့လိုဖြစ်ဖို့က တကယ်ခက်ပါတယ်။ အဲ့အတွက်တော့ စိတ်မပူဖို့ ပြောချင်ပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးက ဆော့နည်းပုံစံ၊ အလေးတွေက အစမတူလို့ ဗလတွေထွက်မှာမျိုးတွေ မဖြစ်နိုင်ပါဘူး”တဲ့။
GYM စဆော့တဲ့အခါ ကိုယ့် Trainer နဲ့တိုင်ပင်ပြီး သူတို့ရဲ့အကြံဉာဏ်ကိုလည်း တောင်းကြည့်ဖို့လိုပါတယ်။ တစ်ခါတလေ ကိုယ့်ကျန်းမာရေးအခြေအနေ၊ ကိုယ်ဆော့နိုင်တဲ့အနေအထား၊ ကိုယ့်ဘော်ဒီအတွက် ဘယ်လိုလေးတွေ ဆော့ဖို့လိုအပ်သလဲဆိုတာကိုပေါ့။ Trainer တစ်ယောက်ရဲ့အကြံဉာဏ်ဟာလည်း တစ်ယောက်ချင်းစီပေါ်မူတည်ပြီး ကွဲပြားနေတာမို့ပါ။
အဲ့ဒါနဲ့ပတ်သက်ပြီး မယမုံမေက “trainer တစ်ယောက်နဲ့တစ်ယောက် အကြံပေးတာချင်းမတူဘူးပေါ့နော်။ ယမုံ ဆိုရင်တော့ အရင်ဆုံး clientရဲ့bodyကို အရင်ကြည့်မယ်။ သူကအဆီများနေတာလား။ ဒါမှမဟုတ် ပိန်လွန်းနေတာလား။ ပြီးတော့မှ အဓိကအားနည်းတဲ့နေရာတွေကို ပြောပြပေးပြီး သေချာtrainပေးတယ်ပေါ့။ သူ့ရဲ့ခန္ဓာကိုယ်အချိုးစားပေါ် မူတည်ပြီး အကြံပြုပေးရတာပါပဲ''လို့ ဆိုသွားပါတယ်။
ကိုယ်က GYM ကို အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ဘူး၊ ဒါမှမဟုတ် ရက်ပျက်တာတွေ များနေမယ်ဆိုရင်တော့ ဒီလိုလေးတွေလုပ်ပေးဖို့ သူမက ဆက်ပြီးအကြံပြုသွားပါသေးတယ်။
“အမြဲပုံမှန်လေး စနစ်တကျGymသွားဆော့နိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် Gymမသွားဆော့နိုင်ရင် နေ့စဉ်ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမှုလေး တွေ၊ ကိရိယာလွတ်လေ့ကျင့်ခန်းလေးတွေနဲ့ အိမ်မှာ ကစားပေးဖို့တော့ တိုက်တွန်းချင်ပါတယ်။ ခန္ဓာကိုယ်ဆိုတာက ဒီတိုင်းပစ်မထားသင့်ဘူး။ အမြဲထိန်းထိန်းသိမ်းသိမ်း ဖြစ်သင့်တယ်လို့ ယမုံကတော့ ယူဆပါတယ်''တဲ့။
GYM ပုံမှန်ဆော့ဖြစ်တဲ့အခါ အမျိုးသမီးတစ်ယောက်အတွက် ကောင်းကျိုးတွေအများကြီးပါ။ စိတ်ရောကိုယ်ပါ ကျန်းမာလာမယ်၊ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာမှာ အမှန်ပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး မရွှေလဲ့ကိုကိုကတော့ “GYM ဆော့ဖြစ်တဲ့အတွက် ရရှိခံစားရတဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ အဲ့ဒီအထဲကမှ ပြောပါဆိုရင်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကြောင့် ချွေးထွက်များပြီး အသားအရေတွေ စိုလာတယ်။ အမောခံနိုင်လာတယ်။ ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်လာတယ်။ အပြောင်းအလဲဖြစ်စေတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတာပါ။ သွားလာလှုပ်ရှားတဲ့အခါလည်း ပိုသွက်လက်လာတယ်။ ပိုလှလာပါတယ်” လို့ ဖွင့်ဟပေးသွားပါတယ်။
GYM Trainer မယမုံမေကိုယ်တိုင်ကလည်း GYM မဆော့ခင်က တော်တော်လေး ပိန်ပြီး ကြည့်ရဆိုးတဲ့ အကြောင်း ခုလိုပြောပြပေးသွားပါတယ်။
“ယမုံဆို Gymစမဆော့ခင်က တော်တော်လေးပိန်တယ်။ တင်မရှိရင်မရှိ တော်တော်လေးကြည့်ရဆိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်။ ဒါနဲ့ပဲ ယမုံ target တခုထားပြီး GYM ပုံမှန်ဆော့ဖြစ်ခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ အချိုးအစား၊ အနေအထားရလာတဲ့အခါ ပျော်ရတယ်။ ဘာပဲဝတ်ဝတ် Confidence အပြည့်ရှိလာတယ်။ အရင်ကထက်လည်း ကျန်းမာရေးကောင်းလာတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ယုံကြည်မှုပိုရှိလာတယ်။ ဒါကကိုယ်တိုင်ခံစားရတဲ့ ကောင်းမွန်တဲ့အရာတစ်ခုပါပဲ”တဲ့။
အမျိုးသမီးတစ်ယောက်ဟာ သူဘော်ဒီ appearance နဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိတဲ့အခါ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေက အလုပ်မှာပိုအဆင်ပြေလာမယ်၊ လူမှုဆက်ဆံရေးပိုင်းလည်း ပိုကောင်းမွန်လာမှာဖြစ်သလို၊ လူတွေအမြင်ကိုလည်း အာရုံစိုက်တာမျိုး မလုပ်ဖြစ်တော့ပါဘူး။ ဒီအချက်ကို မယမုံမေကလည်း ထောက်ခံထားပါတယ်။
“ခန္ဓာကိုယ်မှမဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာကောင်းတယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ မိမိ ခန္ဓာကိုယ်ပေါ်အမြင်ကို စိုးရိမ်နေစရာမလိုဘူး။ အမြဲ Confidence ရှိနေလို့ လူဝင်ဆန့်တယ်။ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ ချီးကျူးမှု အားကျမှုတွေလည်း အမြဲခံလာရတော့ နေ့စဉ်ဘဝတွေက ပိုအဆင်ပြေလာတယ်။ အဝတ်အစား ဝတ်တဲ့အခါမှာလည်း ယုံကြည်မှုပိုရှိလာတယ်။ အဲဒီလိုယုံကြည်မှုတွေ ရှိလာတော့ စိတ်ပိုင်းဆိုင်ရာအရလည်း ပို strong ဖြစ်တယ်၊ ကျန်းမာတဲ့ လူနေမှုပုံစံအလေ့ကျင့်ကောင်းတွေ ရလာပါလိမ့်မယ်” လို့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်စပ်မှုတစ်ခုကို ထောက်ပြပြောပေးသွားပါတယ်။
တစ်ခုကိုလိုချင်တဲ့အခါ တစ်ခုကိုစွန့်ရတယ်၊ ပေးဆပ်ရတယ်၊ ရင်းနှီးရတယ်ဆိုတဲ့ စကားတွေကို ကြားဖူးမှာပါ။ ဒီလိုကောင်းကျိုးတွေကို လိုချင်တယ်ဆိုရင်တော့ အချိန်တစ်ခုပေးကိုပေးပြီး လုပ်ဆောင်ရပါမယ်၊ အပျင်းကြီးတာ၊ တွန့်ဆုတ်တာ၊ အချိန်ဆွဲနေတာမျိုးတွေကို စွန့်ကိုစွန့်လွှတ်ပစ်ရမှာပါ။ ဒါ့ကြောင့်လည်း ဘာလို့ GYM မသွားဖြစ်တာဆိုတဲ့ ဆင်ခြေတွေအစား ကိုယ်လိုချင်တဲ့အချိုးအစား၊ အနေအထားတစ်ခုကို ပိုင်ဆိုင်ဖို့ အမျိုးသမီးတွေအနေနဲ့ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။
မလှချင်တဲ့အမျိုးသမီးဆိုတာ မရှိပါဘူး၊ အဲဒီအတွက် အချိန်မပေးနိုင်၊ အခွင့်အရေးကို သေချာမဆုပ်ကိုင်နိုင်သေးတဲ့ သူတွေပဲရှိတာပါ။ GYM Trainer မယမုံမေကတော့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်လေး အပြင် ကျန်းမာနေခြင်းက ဘဝမှာအကောင်းဆုံးဆုလာဘ်တစ်ခုလို့ ဆိုပါတယ်။ မဒီတို့အနေနဲ့ရော ဘယ်လိုအရာက ကိုယ့်ဘဝအတွက် ဆုလာဘ်တစ်ခုဖြစ်သလဲဆိုတာ စဉ်းစားဖူးကြသလားရှင်။
Share