အမျိုးသမီးတွေအတွက် ရှားရှားပါးပါး လေးနှစ်မှ တစ်ကြိမ်ရရှိတဲ့ အခွင့်အရေးဖြစ်ပါတယ်။

ဖေဖော်ဝါရီလဟာ ၁၂လရာသီမှာ အထူးခြားဆုံး လကလေးဖြစ်ပါတယ်၊ အဲဒီမှာမှ ဖေဖော်ဝါရီလဟာ နှစ်စဥ် ရက်ပေါင်း ၂၈ ရက်သာ ရှိတယ်ဆိုပေမယ့် ရက်ထပ်နှစ်မှာတော့ ၂၉ ရက်ဖြစ်သွားပါတယ်၊

ဖေဖော်ဝါရီ ၂၉

ဖေဖော်ဝါရီ ၂၉ ဟာ တကယ်တော့ လေးနှစ်မှ တစ်ကြိမ် ကျရောက်တဲ့ ထူးထူးခြားခြားရက်ကလေးပါ၊ ရက်ထပ်နှစ်မှာမှ ရရှိတဲ့ ရက်ကလေးဖြစ်တဲ့အတွက် ရှားရှားပါးပါးရက်ကလေးလို့ ပြောရမလိုတောင်ပါပဲ။

ရှားရှားပါးပါးရက်ရဲ့ ရှားရှားပါးပါးအခွင့်အရေး

ရှားရှားပါးပါး လေးနှစ်မှ တစ်ကြိမ်တည်း ကြုံကြိုက်ရတဲ့ ဒီရက်ကလေးမှာ ရရှိတဲ့ ရှားရှားပါးပါး အခွင့်အရေးလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေအတွက် ရရှိတဲ့ အခွင့်အရေးထူးပါပဲ။ လေးနှစ်မှ တစ်ကြိမ်ရရှိတဲ့ အမျိုးသမီးတွေ ရဲ့ အခွင့်အရေးက ဘာများဖြစ်မလဲ။

ချစ်ခြင်းမေတ္တာကို ဖော်ပြခွင့်ရတဲ့ ရက်

အမျိုးသမီးတွေအနေနဲ့ Leap Day လို့ခေါ်တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွေမှာ ကိုယ်ချစ်နေတဲ့အမျိုးသားကို ချစ်ခွင့်ပန်နိုင်တဲ့ဓလေ့ဟာ ကမ္ဘာပေါ်မှာ တကယ်ရှိနေတာပါ၊ ချစ်ခွင့်လည်း ပန်နိုင်သလို ကိုယ့်ရဲ့ ချစ်သူအမျိုးသားကို လက်ထပ်ခွင့်တောင်းဆိုလို့ရပါတယ်။ သာမန်အချိန်ဆိုရင် ကိုယ့်အချစ်ကို ထုတ်ဖော်ပြောကြားဖို့ ရှက်ရွံ့တတ်ကြတဲ့ အမျိုးသမီးတွေရဲ့ ဗီဇရှိတာကြောင့် ဒီရက်ကလေးကတော့ ကိုယ့်ရဲ့ ချစ်ရတဲ့ အမျိုးသားကို ချစ်ခွင့်ပန်ဖို့ အခွင့်အရေးကို ရယူပိုင်ခွင့်ရှိပါတယ်။ဒီဓလေ့လေးကတော့ ၅ရာစုလောက်တုန်းက အမျိုးသမီးတွေဟာ သူတို့ချစ်တဲ့ အမျိုးသားဆီကနေ လက်ထပ်ခွင့်တောင်းခံတာကို အကြာကြီးစောင့်ဆိုင်းနေရတာ ဖြစ်တဲ့အတွက် အိုင်းရစ် မယ်သီလရှင်တစ်ဦးက ဘုန်းတော်ကြီး St Patrick ထံမှာ အမျိုးသမီးတွေလည်း လက်ထပ်ခွင့်တောင်းခံခွင့်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လေးနှစ်တစ်ကြိမ် ဖေဖော်ဝါရီလရဲ့ နေ့တစ်‌နေ့ မှာ အမျိုးသမီးတွေဘက်က လက်ထပ်ခွင့်တောင်းခံခွင့်ပေးခဲ့တာဖြစ်ပါတယ်၊ 1288 ခုနှစ်မှာတော့ စကော့တလန်အမျိုးသမီးတွေက ရက်ထပ်နှစ်မှာ လက်ထပ်ခွင့်တောင်းခံသူ အမျိုးသမီးကို ငြင်းပယ်ခဲ့မယ်ဆိုရင် ဒဏ်ကြေးဆောင်ဖို့ ဥပဒေတစ်ရပ်ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ငြင်းပယ်သူအမျိုးသားဟာ အမျိုးသမီးကို ပိုးသားဝတ်စုံ ဒါမှမဟုတ် လက်အိတ်တစ်စုံ ပြန်လျော်ကြေးပေးဖို့ ဥပဒေထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

မိန်းကလေးတွေလည်း အချစ်ကို ထုတ်ပြခွင့်ရှိပါတယ်

တကယ်တော့ မိန်းကလေးမို့ ကိုယ့်အချစ်ကို ပြသရတာခက်တယ်ဆိုတာတွေက သူများရဲ့ ပြစ်တင်ပြောဆိုမှုတွေကို ကြောက်ရွံ့နေကြလို့သာဖြစ်ပါတယ်၊ တကယ်တော့ ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ပြောရတာ၊ ကိုယ်ချစ်ရတဲ့ အမျိုးသားကို လက်ထပ်ခွင့်တောင်းခံတာတွေကို အမျိုးသမီးတွေလည်း လုပ်ချင်ကြကြောင်း ဖွင့်ဟပြောဆိုထားကြပါတယ်။

ဖူးဟေမာန်ကျော်ကတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကို တစ်ရက်တည်း ထားတာ မကောင်းဘူးလို့ Duwun ကိုပြောလာပါတယ်။ 

"ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ အမျိုးသမီးတွေလက်ထပ်ခွင့်တောင်းလို့ရတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ရက်တည်းဖြစ်နေတာတော့ မကောင်းဘူး။ မိန်းကလေးနဲ့ ယောက်ျားလေးက တန်းတူ အခွင့်အရေးရသင့်တာပါပဲ။ ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းခွင့် လူတိုင်းမှာ ရှိပါတယ်။ ညီမက ကိုယ်ချစ်တဲ့သူသာ ရှိလာခဲ့မယ်ဆိုရင် လက်ထပ်ခွင့်ကို ကိုယ်ကအရင်တောင်းဖို့ စိတ်ကူးရှိပါတယ်။"

အမျိုးသမီးတွေရဲ့ အချစ်ကိုလည်း လေးစားပါ

တကယ်တော့ ကိုယ့်အချစ်ကိုထုတ်ဖော်ပြသဖို့ အမျိုးသမီးတွေ ကြောက်ရွံ့ကြတာက ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုမှာကို ကြောက်ရွံ့ကြတာကြောင့်ဖြစ်ပါတယ်၊ အမျိုးသမီးလည်း လူသားဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အချစ်ကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးပေးသင့်ပါတယ်၊ ကိုယ့်ချစ်သူကို ချစ်ကြောင်း၊ လက်ထပ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုတာကို ပြစ်တင်ရှုံ့ချတဲ့ လုပ်ရပ်မျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ အမျိုးသမီးတွေကိုလည်း သူတို့ရဲ့ အချစ်ကို ထုတ်ဖော်ပြသမှုကို လေးစားပေးဖို့ လိုအပ်ပါတယ်၊

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ တကယ်သာ ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးရှိတယ်ဆိုရင် တစ်ဖက်ယောက်ျားလေးရဲ့ အခြေအနေကို ကြည့်သင့်တယ်လို့ Duwun ကို ပြောပါတယ်။

"ဖေဖော်ဝါရီ ၂၉ မှာ မိန်းကလေးတွေဖက်က ယောက်ျားလေးတွေကို လက်ထပ်ခွင့်တောင်းခံလို့ရတယ်၊ ချစ်ခွင့်ပန်လို့ ရတယ်ဆိုတာ ကောင်းပါတယ်။ လူထဲက လူဖြစ်တဲ့အတွက် ကိုယ့်အချစ်ကို ထုတ်ပြဖွင့်ဟတာကောင်းပါတယ်။ ဒါပေမယ့် လက်ထပ်ခွင့် ထိ တောင်းလာပြီဆိုရင်တော့ တစ်ချက်တော့ စဥ်းစားစေချင်တယ်၊ ကိုယ် လက်ထပ်ခွင့်တောင်းမယ့် အမျိုးသားက တကယ်ကို တန်ဖိုးထားပြီး လက်ထပ်ခွင့်တောင်းခံရမယ့်လူလား၊ ကိုယ့်ကိုရော တကယ်ချစ်ရဲ့လား၊ သူနဲ့ ကိုယ်နဲ့ အခြေအနေဟာ လက်ထပ်ရမယ့် အခြေအနေမျိုးလားစတဲ့ ဘက်ပေါင်းစုံကနေ စဥ်းစားရမှာပေါ့။ မဟုတ်ဘဲ ပွေရှုပ်နေတဲ့ ယောက်ျားတစ်ယောက်ကို ကိုယ့်ဘက်က အချိန်တွေ အများကြီး အကုန်မခံစေချင်ဘူး။ အချစ်ကို ထုတ်ပြပြောဆိုတာကတော့ ကောင်းတဲ့ အရာပါ။" 

အငြင်းခံရလည်း ကြောက်စရာမလိုပါဘူး

ကိုယ်က လက်ထပ်ခွင့်တောင်းခံတာတွေ၊ ချစ်ရေးဆိုတာတွေ လုပ်လို့ တစ်ဖက်အမျိုးသားက လက်မခံဘူးဆိုရင်လည်း ကြောက်စရာတော့ မရှိပါဘူး။ ကိုယ့်ရဲ့ တောင်းခံမှုတွေကို ငြင်းဆိုတဲ့ သူဆီကနေ လျော်ကြေးတွေ ရနိုင်ပါသေးတယ်၊ ကိုယ့်ကို လက်မခံဘဲ ငြင်းပယ်တဲ့ အမျိုးသားဆီက လျော်ကြေးအနေနဲ့ ပိုးသားဂါဝန်ဝတ်စုံ ဒါမှမဟုတ် ငွေကြေး ဒါမှမဟုတ် လက်အိတ် ဆယ့်နှစ်စုံ ပြန်ဝယ်ပေးရမှာဖြစ်ပါတယ်၊ လူကိုရရင်ရ လူကိုမရလည်း ဂါဝန်တွေ ငွေကြေးတွေ လက်အိတ်တွေရမှာမို့ အရှုံးမရှိတဲ့ အခွင့်အရေးမို့ ကိုယ်ချစ်တဲ့သူကို ချစ်ခွင့်ပန်၊ လက်ထပ်ခွင့်တောင်းခံတာမျိုး ဖေဖော်ဝါရီ ၂၉ မှာ လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

Share

Loading Next Article...
က္က