အမှုမစစ်ရဘဲ ထောင်ထဲမှာ နေနေရတယ်တဲ့။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော်အစ္စဏီကို ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ တာမွေ တရားရုံးတွင် ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရံုံးချိန်းကိုလည်း တရားလို စူးရှထက်က တက်ရောက် လာ ခြင်းမရှိပါဘူး။



 

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ စွပ်စွဲ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီဟာ ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ (၁၁) ကြိမ် မြောက် ရုံးချိန်းကို တက်ရောက်ခဲ့ရပါတယ်။ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားတဲ့ တရားလို စူးရှထက်က ဒီနေ့မှာ ရုံးချိန်းကို တက်ရောက် လာခဲ့ခြင်း မရှိပါဘူး။

စူးရှထက်ရဲ့ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားမှုကို လက်ခံမခံကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သြဂုတ်လ(၃) ရက်နေ့ကျရင် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

"ကျွန်တော်တို့အတွက် အချိန်တွေကြာတယ်။ အခုလည်း အမှုမစစ်ရဘူးလေ။ ရုံးပြောင်းကိစ္စပဲ လုပ်နေတော့ အပေါ်ရုံးကနေ ဒီအမှုတွဲကို ယူသွားတော့ ကျွန်တော်တို့ အောက်ရုံးမှာက အမှုမစစ်ရဘူး။အဲ့ကာလတစ်လျှောက်လုံး ကျွန်တော်တို့ဘက်က ကြန့်ကြာနေတာပေ့ါ။ ကျွန်တော်တို့ဘက်က နစ်နာတယ်။ သူဘာသာသူ ဘယ်ရုံးပဲ ပြောင်းပြောင်း ကျွန်တော်တို့ကတော့ မြန်မြန်အမှုစစ်ရဖို့ပဲ အရေးကြီးတယ်။ " လို့ ဇူလိုင်(၃၀) ရက်နေ့က Duwun Media ကနေ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့တာကို ဖြေဆိုပေးခဲ့တာပါ။

 

ယခုလို အချိန်တွေကြန့် ကြာနေ တာဟာ  တရားလိုဘက်က အမှုကို ရသလောက်အချိန်ဆွဲနေတယ်လို့  ထင်ကြောင်း အကိုဖြစ်သူကDuwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

"ဇူလိုင်(၁၆) ရက်နေ့ကတည်းကနေ တောက်လျှောက် အမှုမစစ်ရပဲနဲ့ အစ္စဏီကို ထောင်ထဲထည့်ထားရတာ။ ဘယ်လောက်နစ်နာလဲ၊ အမှုမ စစ်တာကို ထောင်ထဲမှာနေနေရတာ လူတစ်ယောက်။သူတို့ဘက်က ခရိုင်မှာပြီးသွားရင် ချပေးလိုက်တဲ့ ခရိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် တိုင်းကိုထက်ပြီးတော့ တက်ပိုင်ခွင့်ရှိတယ်။အဲ့ကျရင် ဒီထက်ပိုပြီး ထက်ကြာမယ်။ ဒါက ဥပဒေပါ အခွင့်အရေးကို အလွဲသုံးစားလုပ်တယ်။ ရသလောက် အချိန်ဆွဲနေတယ်လို့ပဲ ထင်တယ်"လို့ သူက ဆက်လက်ဖြေဆိုခဲ့ပါတယ်။

 

လက်ရှိမှာ အဆိုတော် အစ္စဏီဟာ ကျန်းမာရေးမကောင်းဘူးလို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ (၃)ပတ်လောက်ကတည်းက ကျန်းမာရေး မကောင်းတာ ဖြစ်တယ်လို့ အကိုဖြစ်သူက ဆက်လက်ပြောပြခဲ့ပါတယ်။

"နေမကောင်းတာကြာပြီ ၃ ပတ်လောက် ရှိနေပြီ။ သူ့ပရိသတ်တွေ စိုးရိမ်မှာစိုးလို့ မပြောသေးတာ။ သူက အရင်ကတည်းက အသက်ရှူ ကျပ်တတ်တယ်။ အထဲမှာ ရေနည်းနည်းခက်ခဲတယ်။ နောက်ပြီး သူ ပဲနဲ့မတည့်ဘူး အစားအသောက်အရမ်းဒုက္ခရောက်တယ်။အချိန်တွေ အရမ်းကြာနေတယ်။ ကျွန်တော်တို့လူ အထဲမှာ ဒုက္ခအရမ်းရောက်နေတယ်။ အမြန်ဆုံးစစ်ပြီး အမြန်ဆုံးပေါ်စေချင်တယ်" လို့ ကိုကျော်စွာက မီဒီယာတွေကို ဖြေကြားသွားခဲ့ပါတယ်။

တရားလို စူးရှထက်ကတော့ ရုံးပြောင်းစစ်ဆေးပေးဖို့ တရားရုံးကို လျှောက်ထားပြီးတဲ့နောက်ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းက တည်းက တက်ရောက်လာခြင်း မရှိပါဘူး။ ရုံးပြောင်းစစ်ဆေးဖို့အတွက် စူးရှထက်ရဲ့ လျှောက်ထားမှုကို လက်ခံမခံ ကို  ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ သြဂုတ်လ ၃ ရက်နေ့ကျရင် ကြားနာမယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က