အာဆင်နယ်နောက်ခံကစားသမား ကီရန်တီယာနေးဟာ အမ်းမရိတ်ကွင်းထဲကို ချန်ပီယံလိဂ်ပြိုင်ပွဲ ပြန်လည်သယ်ဆောင်လာပေးနိုင်မယ်ဆိုရင် ဘာမဆိုလုပ်သွားချင်တဲ့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွင်း ၃ ရာသီဆက်တိုက် ဝင်ရောက်နိုင်ခြင်းမရှိခဲ့တဲ့နောက် ၂၀၁၆-၂၀၁၇ ရာသီကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ယခုရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲအုပ်စုပွဲစဉ် ၂ ပွဲမှာ ဖရန့်ဖတ်နဲ့ စတန်းဒတ်လိဂျ်အသင်းတို့ကို အနိုင်ရရှိထားတာဖြစ်ပါတယ်။
တီယာနေးဟာ ယမန်နေ့က စတန်းဒတ်လိဂျ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ သက်တောင့်သက်သာအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပြီး အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်နေရာရရှိဖို့အတွက် ထိုက်တန်တယ်လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“အသင်းက ကြီးမားတဲ့အသင်းကြီးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိနေဖို့အတွက် ထိုက်တန်ပါတယ်”
“အသင်းနဲ့ ပရိသတ်တွေရဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွ ကြိုးစားသွားမှာဖြစ်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”
“ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော်တို့မှာ အရည်အသွေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
တီယာနေးဟာ တင်ပါးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့အချိန်ကတည်းက အာဆင်နယ်အသင်းရဲ့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိလိုနေတယ်လို့ သိရပါတယ်။