ငါးမန်းပေါ်ခုန်တက်ပြီး လက်သီးနဲ့ထိုးကာ ဇနီးကို ကယ်တင်ခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ New South Wales (NSW) ပြည်နယ် Port Macquarie မြို့ငယ်ရှိ ကမ်းခြေတစ်ခုမှာ အမျိုးသားတစ်ဦးက ၎င်းရဲ့ဇနီးအား ကိုက်ခဲထားခဲ့တဲ့ ငါးမန်းပေါ်ခုန်တက်ပြီး လက်သီးနဲ့ထိုးကာ ဇနီးကို ကယ်တင်ခဲ့ကြောင်း မီဒီယာတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

(Chantelle Doyle နှင့် ခင်ပွန်း) (Photo: 9News)

ဩဂုတ် ၁၅ ရက်နေ့က Shelly ကမ်းခြေအနီး ရေလွှာလှိုင်းစီးနေကြစဥ် အသက် ၃၅ နှစ်အရွယ် Chantelle Doyle အမည်ရှိ အမျိုးသမီးကို အရှည် ၆ ပေခွဲမှ ၁၀ ပေအထိရှိနိုင်တဲ့ ငါးမန်းက ကိုက်ခဲ့တာဖြစ်ပြီး သူမရဲ့ ညာဖက်ခြေထောက်မှာ ပြင်းထန်တဲ့ စုတ်ပြတ်ပေါက်ပြဲဒဏ်ရာရခဲ့ကြောင်း Sydney Morning Herald သတင်းက ပြောပါတယ်။



ငါးမန်းက Dolye ကို ကိုက်ခဲထားစဥ် သူမရဲ့ခွင်ပွန်းက ရေလွှာလျှောစီးဘုတ်ပြားပေါ်ကနေ ငါးမန်းပေါ်သို့ ခုန်တက်သွားပြီး သူမရဲ့ခြေထောက်ကို ကိုက်ခဲထားရာမှ လွှတ်ပေးတဲ့အထိ လက်သီးနဲ့ ဆက်တိုက်ထိုးခဲ့ကြောင်း NSW ပြည်နယ် Surf Life Saving အဖွဲ့အစည်းမှ အမှုဆောင်အရာရှိချုပ် Steven Pearace က ပြောကြားကြောင်း Sydney Morning Herald က ကိုးကားဖော်ပြပါတယ်။

(Dolye ကို ဆေးရုံပို့ရန် ပြင်ဆင်ထားစဥ်) (Photo: 9News)

ဩစတြေးလျမီဒီယာက Mark Rapley လို့ ဖော်ပြကြတဲ့ Dolye ရဲ့ ခင်ပွန်းကို Steven Pearace က ချီးကျူးခဲ့ပါတယ်။ "ဒီလူက ရေလွှာလျှောစီးဘုတ်ပြားကနေ ငါးမန်းပေါ် ခုန်တက်ပြီး သူ့ဇနီးရဲ့ ခြေထောက်ကို ကိုက်ခဲထားတာ လွှတ်တဲ့အထိ ငါးမန်းကို ထိုးကြိတ်ခဲ့တာ၊ ပြီးတော့ သူ့ဇနီးကို ကူညီပြီး ကမ်းခြေဘက် ပြန်ခေါ်လာခဲ့တယ်" လို့ Steven Pearace က ပြောပါတယ်။

(Shelly ကမ်းခြေတစ်နေရာ) (Photo: Getty Images)

ငါးမန်းကိုက်ခံရတဲ့ Dolye ကို ကမ်းခြေမှာ ကနဦး ကုသပေးပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနဲ့ အခြေအနေ တည်ငြိမ်မှုရှိကြောင်း သိရပါတယ်။ ထိုဖြစ်ရပ်အပြီးမှာတော့ Port Macquarie ဧရိယာရှိ ကမ်းခြေတွေကို ပိတ်ထားခဲ့ကြောင်းနဲ့ ကမ်းခြေတစ်လျှောက် ငါးမန်းစောင့်ကြည့်ရန် အကူအညီပေးနေကြောင်း NSW ပြည်နယ် Surf Life Saving အဖွဲ့အစည်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က