၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။

အမြန်လမ်းမကြီးမှာ ဖြတ်သန်းသွားလာကြတဲ့ ယာဉ်တွေအနေနဲ့ အကူအညီလိုအပ်ပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေကို ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ဧပြီလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (ရဲတပ်ဖွဲ့ဝင်များ အကူအညီပေးနေစဉ်)

ယာဉ်ကြောင့် ဖြစ်စေ၊ ယာဉ်မောင်းကြောင့်ဖြစ်စေ၊ လမ်းအားနည်းချက်ကြောင့် ဖြစ်စေ ဘယ်အကြောင်းကြောင့် ဖြစ်ဖြစ် အမြန်လမ်းမကြီးပေါ်မှာ အကူအညီလိုအပ်ရင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဒါမှမဟုတ် အနီးစပ်ဆုံး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ စခန်းနဲ့ ကင်းတွေကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။

သင်္ကြန်ပွဲတော် နီးလာတာကြောင့် အမြန်လမ်းမကြီးပေါ်မှာ တစ်နေ့ထက်တစ်နေ့ ခရီးသွား ယာဉ်စီးရေ များပြားလာပြီး ကြံ့ခိုင်ရေးအားနည်းတဲ့ ယာဉ်တွေနဲ့ စည်းကမ်းလိုက်နာမှု ၊ ယာဉ်မောင်းကျွမ်းကျင်မှု အားနည်းတဲ့ ယာဉ်မောင်းတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှု လျော့နည်းအောင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ကြဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ၂၄ နာရီပတ်လုံး အကူအညီတောင်းခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆက်သွယ်အကူအညီတောင်းခံလိုတဲ့ ခရီးသွား ပြည်သူတွေအနေနဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး (၀၉-၄၂၀ ၈၈၈၈၀၄) ကိုဆက်သွယ်နိုင်ပြီး စခန်း၊ကင်းရုံးဖုန်းတွေကိုလည်း ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။

လက်ရှိမှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့ပူးပေါင်းပြီး သင်္ကြန်ကာလအတွင်း ခရီးသွားကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းပေါ်မောင်းနှင်ကြမယ့် ယာဉ်တွေ ကြံခိုင်မှုတွေကို အခမဲ့စစ်ဆေးပေးမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၈ ရက်စပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မောင်းနှင်မယ့် အဝေးပြေးယာဉ်တွေနဲ့ လိုက်ထရပ်ယာဉ်တွေကို သတ်မှတ်ချက်နဲ့ မကိုက်ညီရင် စစ်ဆေးပညာပေးအရေးယူဆောင်ရွက်သွားမယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားခဲ့ပါတယ်။

Share

Loading Next Article...
က္က