တိမ်းမှောက်ပြီး မီးလောင်ခဲ့တဲ့ ယာဉ်ပေါ်မှာ သေဆုံးခဲ့တဲ့ ယာဉ်မောင်းတစ်ဦးတည်းပါဝင်တာကြောင့် ဘယ်သူ၊ ဘယ်ဝါဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
photo- Myanmar Fire Services Department
ရန်ကုန်- မန္တလေးလမ်းမှာ ဒီကနေ့ ဇန်နဝါရီလ (၃)ရက်နေ့ မနက် (၉)နာရီဝန်းကျင်က နေပြည်တော်- မန္တလေးလမ်းပိုင်း မိုင်တိုင် (၃၄၆)မိုင်မှာ Alphardယာဉ်တစ်စီးတိမ်းမှောက်ကာ မီးလောင်ခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါယာဉ်ဟာ တံတားဘေးတိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ခွဲမှူးရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ ဖြစ်တာကတော့ ဒီနေ့ မနက် (၈)နာရီ မိနစ် (၄၀)လောက်ကဖြစ်တာ။ ကားကတိမ်းမှောက်ပြီး မီးလောင်သွားတော့ ယာဉ်မောင်းက မီးလောင်ဒဏ်ရာတွေနဲ့ပဲသေဆုံးသွားတယ်။ ဘယ်ကလဲဆိုတာကတော့ စစ်ဆေးဆဲပါ" လို့ စကားအင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
photo- Myanmar Fire Services Department
ယာဉ်ပေါ်မှာက ယာဉ်မောင်းတစ်ဦးတည်းပါရှိပြီး အဆိုပါယာဉ်မောင်းသေဆုံးခဲ့တာကြောင့် ဘယ်ကလဲဆိုတာကိုတော့ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်လို့ သေဆုံးသူ ယာဉ်မောင်းကိုတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးမှုနဲ့ စကားအင်းရဲစခန်းမှာ အမှုဖွင့်ထားတယ်ထားပါတယ်။ ကားမီးလောင်ခဲ့မှုကိုတော့ စကားအင်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးနဲ့ မီးသတ်ရေယာဉ်တစ်စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။