၂၀၁၉ ခုနှစ်မှာ အမြတ်အစွန်းပမာဏ သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့ပါတယ်။

ကမ္ဘာ့ထိပ်သီး ဘဏ်ကြီးများအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ HSBC ဘဏ်က ဝန်ထမ်းအရေအတွက် ၃၅,၀၀၀ လျှော့ချသွားမယ်လို့ ကြေညာလိုက်ပါတယ်။

(Photo: Getty Images)

၂၀၁၉ ခုနှစ်မှာ အမြတ်အစွန်းပမာဏ သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့ပြီးနောက် ဘဏ်လုပ်ငန်းကို အဓိကကျတဲ့ ပြန်လည်ဖွဲ့စည်းမှုရဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းအမြောက်အမြားကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ HSBC က ၂၀၂၂ ခုနှစ်မှာ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လျှော့ချသွားရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။


HSBC က လာမယ့် သုံးနှစ်အတွင်း ဝန်ထမ်းအရေအတွက်ကို ၂၃၅,၀၀၀ မှ ၂၀၀,၀၀၀ ခန့်သို့ လျှော့ချသွားမယ်လို့ ဘဏ်ရဲ့ ကြားဖြတ် အမှုဆောင်အရာရှိချုပ် Noel Quinn က ပြောပါတယ်။ ၎င်းရဲ့ဝင်ငွေ အမြောက်အမြားကို အာရှမှာ ရရှိနေတဲ့ HSBC ဟာ ယမန်နှစ်က အခွန်မဆောင်ရမီ အမြတ်အစွန်းပမာဏ ဒေါ်လာ ၁၃.၃၅ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Brendan McDermid/Reuters)

အမြတ်အစွန်းများ လျော့ကျရခြင်းဟာ ဥရောပမှာ လုပ်ဆောင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ဒေါ်လာ ၇.၃ ဘီလီယံ ပမာဏရှိ ကြွေးမြီလျှော်ပေးခဲ့ရတာတွေကြောင့် ဖြစ်တယ်လို့ HSBC က ပြောပါတယ်။ HSBC အလုပ်အကိုင်နေရာ ၃၅,၀၀၀ ဆုံးရှုံးရမှုဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားနေခဲ့ပြီး ဘဏ်ဝန်ထမ်းအင်အားရဲ့ ၁၅ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။

လေ့လာသုံးသပ်သူတွေက HSBC အနေနဲ့ အလုပ်အကိုင်နေရာ ၁၀,၀၀၀ ခန့် လျှော့ချလိမ့်မယ်လို့ မျှော်မှန်းထားခဲ့ကြောင်း သိရပါတယ်။ HSBC ဘဏ်ဟာ မြောက်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသရှိ နိုင်ငံ ၅၀ ကျော်မှာ ဘဏ်လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။

(Source: The Banker)

HSBC က ဘဏ်ရုံးချုပ်တည်ရှိတဲ့ ဗြိတိန်နိုင်ငံမှာ ဝန်ထမ်းအရေအတွက် ၄၀,၀၀၀ ကျော် ခန့်ထားပါတယ်။ ၎င်းတို့အနက် ဝန်ထမ်း ၁၀,၀၀၀ က လန်ဒန်မြို့ Canary Wharf ရှိ HSBC ရုံးချုပ်မှာ အလုပ်လုပ်ကိုင်နေကြပြီး နောက်ထပ် ဝန်ထမ်း ၂,၀၀၀ ကတော့ ဘာမင်ဂမ်မှာရှိတဲ့ ဗြိတိန်ရုံးချုပ်အသစ်မှာ အလုပ်လုပ်ကိုင်ကြပါတယ်။

HSBC ဘဏ်ကို အာရှနဲ့ ဥရောပကြား ကုန်သွယ်ရေး အဆင်ပြေလွယ်ကူစေရန် ၁၈၆၅ ခုနှစ်က Hong Kong and Shanghai Banking Corporation (HSBC) အမည်ဖြင့် ထိုစဥ်က ဗြိတိန်အုပ်ချုပ်နေတဲ့ ဟောင်ကောင် (British Hong Kong) မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သက်တမ်း ၁၅၅ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ HSBC ဟာ လန်ဒန်အခြေစိုက် ဘဏ္ဍာရေးဆိုင်ရာမဂ္ဂဇင်း The Banker က ထုတ်ပြန်ထားတဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ထိပ်သီး ဘဏ် ၁၀ ခုအနက် နံပါတ် ၉ နေရာ ရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က