In partnership with  logo
စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခွင့်ရဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။

လူတိုင်းမှာ စိတ်ကူးအိပ်မက်ကိုယ်စီရှိတတ်ကြပါတယ်။ ပညာစုံလာပြီ၊ အရွယ်အားဖြင့်လည်း ရလာပြီဆိုရင် ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်အတိုင်း အကောင်အထည်ဖော်တတ်ကြတဲ့ သူတွေရှိသလို အဆင်ပြေသလို ရုန်းကန်လှုပ်ရှားရင်း ဘဝကို ဖြတ်သန်းလိုက်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ အခု ပြောပြပေးချင်တဲ့ သူကတော့ အသက်အရွယ်အားဖြင့် ၂၀ သာ ရှိသေးပေမယ့် စိတ်ကူးအိပ်မက် မြင့်မားတဲ့ ကျောင်းသူလေး အေးအိန္ဒြေမောင်အကြောင်းပဲ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကြီးမားတဲ့ ကျောင်းသူလေး အေးအိန္ဒြေမောင်

မအေးအိန္ဒြာမောင်ဟာရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ဒုတိယနှစ် ဂုဏ်ထူးတန်း ဖြေဆိုထားတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ လက်ရှိမှာလည်း 

The Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine ဆိုတဲ့ အဖွဲ့အစည်းမှာ Internship အနေနဲ့ အလုပ်ဝင်နေသူပါ။ ဒါတင်မကသေးပါဘူး။ Teens & Dreams အမည်ရှိတဲ့ လူငယ်တွေအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုမှာလည်း Advisor အနေနဲ့ Volunteer လုပ်နေသူပါ။ ငယ်ရွယ်ပေမယ့်လည်း ကိုယ်တတ်စွမ်းတဲ့ဘက်က ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ပြနေတဲ့ သူမရဲ့ စိတ်ကူးအိပ်မက်ကတော့ ထူးထူးခြားခြားပါပဲ။ သံအမတ်ဖြစ်ချင်တယ်လို့ ပြောပါတယ်။ သံအမတ်ဖြစ်လာဖို့အတွက်လည်း သူ့ဘက်က လိုအပ်သမျှတွေ သင်ယူလေ့လာသွားချင်တယ်လို့ ပြောလာပါတယ်။

“သံတမန်ဖြစ်ချင်တာက ညီမက ၈တန်းလောက်ကတည်းက တခြားနိုင်ငံအကြောင်းတွေ စိတ်ဝင်စားတယ်။ ညီမက Diplomacy ပိုင်းကို စိတ်ဝင်စားတယ်။ သံအမတ်ဖြစ်ချင်တယ်။ Community Development တွေလုပ်ရတာ ညီမစိတ်ဝင်စားတယ်။ Environmental Issue တွေ ၊ Human Right တို့နဲ့ ပတ်သက်တာတွေ အဲဒီလို Issue တွေကို စိတ်ဝင်စားတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့လည်း မာစတာ ဆက်တက်ချင်တယ်”

နော်ဝေအမတ်အဖြစ် တစ်ရက်တာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကောင်မလေး

သံအမတ်ဖြစ်ချင်တဲ့ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးလိုက်တာကတော့ Plan International ရဲ့ Girls Takeover ဆိုတဲ့ အစီအစဥ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ကတော့ နိုင်ငံပေါင်း ၇၀ မှာ Take Over ပေါင်း နှစ်ထောင်ကျော် လုပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာတော့ ၃နှစ် ဆောင်ရွက်ပြီးခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာတော့ လူပေါင်း ၃၀၀ ကျော်ထဲက ၂၃ ယောက်ရွေးချယ်ရာမှာ အေးအိန္ဒြေမောင် တစ်ယောက်လည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ နော်ဝေသံအမတ်အဖြစ် တစ်ရက်တာ ဆောင်ရွက်ခဲ့ရတဲ့ သူ့ရဲ့ ဆောင်ရွက်ချက်တွေကြောင်းကို ခုလို Duwun ကို ပြောပြလာပါတယ်။

“အစည်းအဝေးချည်းပဲ ၁၀ ခုလောက်တက်ခဲ့ရတဲ့ ဒီနေ့ကတော့ အတော့်ကိုရှုပ်ထွေးပင်ပန်းလွန်း ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ပျော်နေတာပဲ။ သံတမန်လောကမှာလည်း အလုပ်လုပ်ချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ကဦးဆောင်နေတဲ့ သံရုံးမှာ အလုပ်လုပ်ရတာကိုက အရမ်းကို စိတ်ခွန်အား တိုးပွားခဲ့ပါတယ်။ ကျွန်မလို မိန်းကလေးငယ်တွေကိုလည်း ဦးဆောင်သူတွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ မအေးအိန္ဒြာမောင်က ပြောခဲ့ပါတယ်။

တာဝန်ထမ်းဆောင်တဲ့ တစ်ရက်တာအတွင်း ရန်ကုန်မှာရှိတဲ့ သံမှူးတွေနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဥက္ကဌဖြစ်လာရေးအတွက် နော်ဝေနိုင်ငံရဲ့ ကြိုးပမ်းမှုတွေအတွက်ကိုလည်း ဝင်ပြီးအကြံပေးဆွေးနွေး ခဲ့ပါသေးတယ်။ ဒါ့အပြင် Norwegian Church Aid အဖွဲ့ကိုလည်း လက်ခံတွေ့ဆုံခဲ့သလို သံရုံးရဲ့ ဆိုရှယ်မီဒီယာမှာလွှင့်တင်မယ့် အကြောင်းအရာတွေကိုလည်း လမ်းညွှန်ဆုံးဖြတ်ပေးခဲ့သူပါ။

တိုင်းပြည်အတွက် စဥ်းစားပေးတဲ့ ကောင်မလေး

အေးအိန္ဒြေမောင်ဟာ တိုင်းပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူသာ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် အရေးကြီးဆုံးအရာ တစ်ခုဖြစ်တဲ့ ပညာရေးကို ပြောင်းလဲပေးချင်တယ်လို့ ဆိုလာပါတယ်။

‘ညီမသာ တိုင်းပြည်အတွက် တစ်ခုခုပြောင်းလဲပေးလို့ရမယ်ဆိုရင် ပညာရေးကို ပြောင်းလဲပေးချင်တယ်။ ဘာလို့လဲဆိုတော့ ပညာရေးက တိုင်းပြည်တစ်ခုမှာ အခြေခံလည်းကျတယ်။ မြန်မာနိုင်ငံမှာ နေတဲ့လူငယ် ၊ လူရွယ်တွေအတွက် နောင်တစ်ချိန်မှာ ကြီးလာရင် လူကြီးတွေနေရာယူလာခဲ့မယ်ဆိုရင် တခြားနိုင်ငံတွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့အတွက် ပညာရေးက အရေးကြီးတယ်။ အဲဒါကြောင့် ညီမကတော့ ပညာရေးကို ပြုပြင်ပြောင်းလဲပေးချင်ပါတယ်။’

“ဒီဘက်ခေတ်မှာ မိန်းကလေးတွေအနေနဲ့ တစ်ခုခုကို လုပ်ဖို့ကြောက်တာ ၊ တစ်ခုခုဆို ဒါက မိန်းကလေးတွေနဲ့ မသက်ဆိုင်ဘူးလို့ တွေးလိုက်တာမျိုးတွေ ခွဲခြားတာတွေ မရှိစေချင်ဘူး။ မြန်မာနိုင်ငံက မိန်းကလေးတွေကိုလည်း အဲဒီလိုမျိုး စံတွေကို ပယ်ဖျက်စေချင်တယ်။ အဲဒီ စံတွေ ၊ ဘောင်တွေ ကို ဖယ်၊ ပတ်ဝန်းကျင်က အယူအဆတွေကို ဖယ်ပြီး ကိုယ်လုပ်ချင်တာကို Passionate ရှိရှိ လုပ်စေချင်ပါတယ်။

မြန်မာမိန်းကလေးတွေအနေနဲ့လည်း အေးအိန္ဒြေမောင် ပြောခဲ့သလိုပဲ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ၊ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် ဘာကိုမှ ကြောက်ရွံ့မနေဘဲ ရဲရဲဝံ့ဝံ့ လုပ်ကြဖို့ အေးအိန္ဒြေမောင်နဲ့ အတူတိုက်တွန်းလိုက်ပါရစေ…။



Share

Loading Next Article...
က္က