ရွှေအိမ်စည်တစ်ယောက် အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ရွှေအိမ်စည်ကိုယ်တိုင်က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အဖမ်းခံရစရာအကြောင်းမရှိဘူးလို့လည်း သူမရဲ့ မန်နေဂျာဟောင်းက ပြောပြလာပါသေးတယ်။
Photo: Shwe Eain Si
စက်တင်ဘာလ ၁၂ ရက်နေ့တုန်းကတော့ အလှမယ် ရွှေအိမ်စည် အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီ သတင်းတွေအပေါ် ရွှေအိမ်စည်ကိုယ်တိုင်က အခုလို တုံ့ပြန်ပြောလာခဲ့ပါပြီ။
‘’ဘယ်သူကဘယ်လိုနှောက်ချလိုက်လဲမသိဘူး။ ရွှေအိမ်စည် အဖမ်းခံရတယ်ဆိုပြီး အိမ်မှာ နေမကောင်းလို့ အေးအေး အနားယူနေပါတယ်။ ကျွန်မရဲ့ သာယာနေတဲ့ ဘဝကြီးကိုမဖြတ်ဆီးကြပါနဲ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ အိမ်စည့်ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေကတော့ တကယ်ကို ရင်အေးသွားစေမယ့် သတင်းတစ်ခုလည်း ဖြစ်ပါတယ်။
Photo: Shwe Eain Si
အဲဒီနောက် ရွှေအိမ်စည်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေက အမှန်မဟုတ်ဘူး ဆိုတာကိုလည်း ရွှေအိမ်စည်ရဲ့ မန်နေဂျာဟောင်းတစ်ဦးဖြစ်တဲ့ မနွယ်နီက Duwun Media ကို အခုလို ပြောပြခဲ့ပါတယ်။
‘’ရဲ အကျိုးပြု ဇာတ်ကားနေပြည်တော်မှာရိုက်တာ။ အဲဒီဇာတ်ကားထဲမှာသူ့ရဲ့ ကာရိုက်တာက ဆေးသုံးလို့ အဖမ်းခံရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အကြောင်းအရင်းမပါပဲနဲ့ ရွှေအိမ်စည်အဖမ်းခံရတယ်လို့ သတင်းရတယ် ဆိုပြီးတော့ တင်တာ။ အစ်မ တောင် Comment မှာ သွား ment လိုက်သေးတယ်။ အဖမ်းခံရစရာ အကြောင်းအရင်းလည်း ဘာမှ မရှိပါဘူး။ အမှုတွေလည်း ဆက်လက်ရင်ဆိုင်နေတုန်းပါပဲ’’ ဆိုပြီးတော့လည်း သူက ပြောပါတယ်။
Photo: Shwe Eain Si
ရွှေအိမ်စည်ဟာ ၂၀၁၈ ခုနှစ် အတွင်းက Miss Universe Myanmar Organization ၏ National director ဖြစ်သူ ဒေါ်စိုးယုဝေကို ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်စိုးယုဝေကလည်း ရွှေအိမ်စည်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာပါ။ လက်ရှိမှာလည်း ရုံးချိန်းတိုင်းကို ပုံမှန်တက်ရောက်နေတာကိုလည်း တွေ့ရပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။