Xiaomi ကတော့ high-end ဈေးကွက်ကို Pocophone F1 နဲ့စပြီး တိုက်ခိုက်လိုက်ပါပြီ။
Photo: Engadget
brand အသစ်အဖြစ် မိတ်ဆက်လိုက်တဲ့ Poco ဟာ အိန္ဒိယဈေးကွက်ထဲ Pocophone F1 နာမည်နဲ့ပထမဆုံး ဝင်ရောက်လာတာ ဖြစ်ပြီး အထူးခြားဆုံး အပြောင်းအလဲက flagship processor ဖြစ်တဲ့ Snapdragon 845 chipset ကို ဈေးနည်းနည်းနဲ့မိတ်ဆက်နိုင်ခဲ့တာပါ။
အတွင်းပိုင်း ဖွဲ့စည်းချက်တွေအပြင် နောက်ထပ် သတိပြုမိတာက ဒီဖုန်းဟာ high-end မော်ဒယ်တွေအတိုင်း ဆန်းသစ်မှုတွေ ထည့်သွင်းထားတာပါပဲ။ ဒီဇိုင်းပိုင်းမှာ တလောက ထွက်ထားတဲ့ Xiaomi Mi 8 SE စတိုင် ဖြစ်ပြီး မျက်နှာပြင် ၆.၁၈ လက်မ အရွယ်အစားနဲ့အတူ 18.7:9 aspect ratio နဲ့1080p display ပါရှိပါတယ်။
ရှေ့display တစ်ပြင်လုံးမှာ physical buttons တစ်ခုမှ မသုံးဘဲ notch ထဲမှာတော့ သုံးစွဲသူရဲ့ မျက်နှာကို ဖတ်ပေးမယ့် အနီအောက်ရောင်ခြည် အာရုံခံစနစ် ထည့်ထားပါတယ်။ ဒီ display ကိုတော့ အကြမ်းခံတဲ့ Gorilla Glass အုပ်ထားတယ်လို့ဆိုပါတယ်။
Pocophone F1 ရဲ့ key feature က 2.8GHz octa-core CPU ဖြစ်တဲ့ Snapdragon 845 processor နဲ့အတူ Adreno 630 GPU ကို သုံးထားတာပါပဲ။ နောက်ထပ် ထူးခြားတာက RAM ပမာဏကို 6GB နဲ့8GB နှစ်မျိုးနဲ့မိတ်ဆက်ထားသလို storage ကိုလည်း 64GB/128GB နဲ့256GB အထိ ပါလာတာ ဖြစ်ပါတယ်။
နောက်ပိုင်းထွက် RAM အမြင့်ဖုန်းတွေဟာ အကြီးစားလုပ်ဆောင်ချက်တွေအတွက် ဦးတည်လာတာ ဖြစ်လို့Pocophone series တွေဟာ နောက်ဆုံးပေါ် AR/VR ဂိမ်းနဲ့contents တွေအတွက် ပြင်ဆင်ထားတဲ့ သဘောပါပဲ။ စမတ်ဖုန်းပေါ်မှာ ဂိမ်းဆော့ကြသူတွေ အကြိုက်တွေ့စရာက ဒီဖုန်းဟာ LiquidCool Technology လို့ခေါ်တဲ့ ဂိမ်းဆော့ရင်း အပူလွန်ကဲမှုကို ထိန်းချုပ်ပေးမယ့် အအေးပေးစနစ်ပါ ထည့်သွင်း ထားတာပါ။
ကင်မရာပိုင်းမှာ Pocophone F1 ဟာ Xiaomi Mi 8 SE နဲ့တစ်ပုံစံတည်းပါ။ ကျောဘက် Sony IMX 363 sensor ပါ ပင်မ 12MP ကင်မရာနဲ့5MP အရန် ထောင်လိုက်နှစ်လုံးတွဲကင်မရာဟာ dual camera ဖုန်း ကိုင်မယ့်သူတွေ သဘောကျမှာပါ။ ဒီကင်မရာရဲ့ အောက်မှာ fingerprint reader ကိုလည်း တွဲရက် ထည့်သွင်းပေးထားပါတယ်။
ရှေ့20MP ကင်မရာမှာတော့ အနီအောက်ရောင်ခြည်သုံး မျက်နှာပြင်ဖတ်စနစ်အပြင် မျက်နှာပေါ်ကနေ ပြန်လာမယ့် အလင်းကို ဖတ်နိုင်တဲ့ သီးခြား မှန်ဘီလူးသက်သက် ပါလာပါတယ်။
Pocophone F1 မှာ စိတ်ဝင်စားစရာက စတီရီယိုစပီကာကို အောက်ခြေမှာ တစ်ခုနဲ့နားကြပ်နားမှာတစ်ခု သုံးထားတာ ဖြစ်ပါတယ်။ ဘက်ထရီကိုလည်း 18W Quick Charge 3.0 ပါလာတဲ့ 4000 mAh ဘက်ထရီအကြီးထည့်ပေးထားလို့ဖုန်းကို အတော်လေး ကြာအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။
Photo: Liliputing
UI ပိုင်းမှာ Xiaomi ရဲ့ MIUI 9.6 ထည့်ထားတဲ့ Android Oreo စနစ် ပါလာပြီး Poco brand တွေအတွက် Poco theme အသစ်နဲ့ထွက်ထားတာပါ။ လာမယ့် ၃ လအတွင်းမှာတော့ Pocophone F1 ဟာ MIUI 10 နဲ့အတူ Android Pie အသစ် တင်လို့ရမှာ ဖြစ်ပါတယ်။ အထူးခြားဆုံးက ဈေးနှုန်းပါ။
Pocophone F1 ရဲ့ အနိမ့်ဆုံးဗားရှင်းဖြစ်တဲ့ RAM 6GB/64GB ဗားရှင်းကို အိန္ဒိယမှာ၂၀၉၉၉ ရူပီး(မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးနဲ့စတင်ရောင်းချသွားမှာ ဖြစ်ပြီး 6GB/128GB မော်ဒယ်ကို ၂၃၉၉၉ရူပီး (မြန်မာငွေ ၅ သိန်းကျော်) နဲ့RAM 8GB/256GB မော်ဒယ်ကို ၂၈၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။
Armored Edition မော်ဒယ် 8GB/256GB ဗားရှင်းကတော့ ၂၉၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းခွဲ) ဈေးဖြစ်လို့လူကြိုက်များဖို့လည်း ရှိပါတယ်။
Share