မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ခရစ်စတယ်ပဲလေ့စ် အာရွန်ဝမ်ဘစ်စ်ကာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ယခုနွေရာသီမှာ နောက်ထပ်ကစားသမားခေါ်ယူမှုတွေပြုလုပ်နိုင်ဖို့အတွက် ကစားသမားအချို့ကို ရောင်းထုတ်ရလိမ့်မယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ခရစ်စတယ်ပဲလေ့စ်နောက်ခံကစားသမား ဝမ်ဘစ်စ်ကာဟာ ပေါင် ၅၅ သန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းရပြီး ဆိုးလ်ရှားရဲ့ ယခုနွေရာသီ ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ယခုနွေရာသီပထမဆုံးကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့ဟာ ပေါင် ၁၈ သန်း ကုန်ကျခဲ့ပြီး ဝမ်ဘစ်စ်ကာရဲ့ အပြောင်းအရွှေ့ကို ထပ်ပေါင်းလိုက်မယ်ဆိုရင် ယခုနွေရာသီအသုံးစရိတ်ဟာ ပေါင် ၇၃ သန်းအထိ ရှိလာမှာဖြစ်ပါတယ်။
ESPN ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကို ယခုနွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်အဖြစ် ပေါင်သန်း ၁၀၀ သာ ခွင့်ပြုပေးထားတယ်လို့ သိရပြီး ဆိုးလ်ရှားအနေနဲ့ နောက်ထပ်ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ကစားသမားအချို့ကို မဖြစ်မနေရောင်းချဖို့ လိုအပ်နေတာဖြစ်ပါတယ်။
လူကာကူဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် ယူနိုက်တက်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၇၀ ကို ပေးချေဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
လူကာကူရဲ့အပြောင်းအရွှေ့မဖြစ်မြောက်မချင်း အပြောင်းအရွှေ့ဘတ်ဂျက် ၂၇ သန်းသာ ကျန်ရှိတော့တာကြောင့် ဆိုးလ်ရှားအနေနဲ့ နောက်ထပ်အပြောင်းအရွှေ့ပြုလုပ်ဖို့ လူကာကူအတွက် ရရှိမယ့် ပြောင်းရွှေ့ကြေးကို စောင့်ဆိုင်းနေရတော့မှာဖြစ်ပါတယ်။