ဒီကမ္ဘာကြီးမှာ မမှားဘူးတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းက အမှားသေးသေးလေးကနေ အကြီးစားအမှားတွေထိ ကျူးလွန်ခဲ့ဖူးကြသူတွေချည်းပါပဲ။ ကျောင်းတွင်းလုပ်မိတဲ့အမှား ၊ လုပ်ငန်းခွင်အမှား ၊ ပေါင်းသင်းဆက်ဆံရေးမှာ လုပ်မိတဲ့အမှား ၊ သူများကို ထိခိုက်စေတဲ့အမှား ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့အမှား ၊ ရှက်စရာအမှား အမှားပေါင်းများစွာကို လူတိုင်းကျူးလွန်တတ်ကြပါတယ်။ ဒီလိုအမှားတွေ ကျူးလွန်မိတဲ့အခါမျိုးတွေမှာ ကိုယ့်အမှားတွေအတွက် ယူကြုံးမရစိတ်တွေ ၊ နောင်တတွေဖြစ်ပြီး တစိမ့်စိမ့် တွေးတိုင်းအပြစ်ရှိနေသလို ခံစားရတတ်ပါတယ်။ အဲဒီစိတ်ဟာ ကိုယ့်ကို တိုက်စားသွားပြီး အချိန်ပြည့် နှိပ်စက်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ် အမှားကျူးလွန်ဖူးတယ်ဆိုရင်လည်း အဲဒီအမှားကနေ ကိုယ့်အတွက် ဘာတွေအမြတ်ထုတ်လို့ရနိုင်မလဲဆိုတာကို အခုပြောပြပေးချင်ပါတယ်။
အမှားကျူးလွန်မိမှာ မကြောက်ပါနဲ့
အမှားလုပ်ခဲ့ဖူးသူတွေဟာ နောက်ထပ်အမှား ထပ်ကျူးလွန်မိမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါကကောင်းတဲ့ လက္ခဏာဆိုပေမယ့်လည်း အရမ်းအကြောက်လွန်နေတာမျိုးဆိုရင်တော့ နေ့စဉ်နေထိုင်မှုဘဝမှာ လုံးဝအဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် အမှားကျူးလွန်မိဖို့ ကြောက်နေတာမျိုးတွေထက်စာရင် ကိုယ့်ကိုယ်ကိုယ် အမှားမကျူးလွန်မိအောင် သတိထားနေတဲ့နေရာမျိုးမှာပဲ ရပ်တန့်ထားဖို့ လိုအပ်ပါတယ်။
လုပ်မိတဲ့ အမှားကို သံမှိုစွဲနေသလို တေးမှတ်ထားပါ
အမှားကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာ ၊ ယူကြုံးမရဖြစ်နေတာမျိုးတွေမလုပ်ရဘူးဆိုပေမယ့်လည်း ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားတွေကို မေ့မသွားအောင် မှတ်ထားဖို့တော့လိုအပ်ပါတယ်။ ဒီလို တေးမှတ်ထားမှသာ ကိုယ်က နောက်ထပ်အမှားမကျူးလွန်မိအောင် ကိုယ့်ကိုယ်ကိုယ် အော်တိုသတိပေးပြီးသားဖြစ်နေမှာပါ။ ကိုယ့်ရဲ့ အမှားတွေကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် မေ့တော့မမေ့ပစ်လိုက်ပါနဲ့။
RICE communications (Myanmar) မှာ Account Executive အဖြစ်တာဝန်ယူလုပ်ကိုင်နေတဲ့ မထက်ထက်နိုင်ကတော့ သူ့ရဲ့ အမှားတွေထဲကနေ ဘယ်လိုအမြတ်ထုတ်သလဲဆိုတာကို Duwun ကို ခုလို ပြောပြပါတယ်။
"အရင်က အမှားတွေကို ကျူးလွန်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာတယ်။ အဲ့ဒီအပေါ်မှာ ကိုယ့်ဘာသာ ဆင်ခြင်သုံးသပ်တယ်။ တကယ်လို့ ကိုယ့်ထက် တတ်ကျွမ်းနားလည်တဲ့သူက ပြန်ရှင်းပြပေးတာမျိုးဆိုရင်လည်း သေချာမှတ်သားပြီး နောင်ခါပိုကောင်းအောင် လုပ်ပေးဖြစ်အောင် ကြိုးစားတယ်။ ကိုယ့်ထက်ပိုကောင်းအောင် လုပ်ပြနိုင်တဲ့သူဆီကလည်း လေ့လာသင်ယူနိုင်အောင် စူးစမ်းတယ်။ ကိုယ့်အမှားကို ထောက်ပြခဲ့တဲ့သူ ဆီကနေ တကျော့ပြန် ကိုယ်လုပ်ပေးတဲ့အရာအတွက် ကျေးဇူးတင်စကား ကြားရတယ်၊ အသိအမှတ်ပြုခံရတယ်ဆိုတာက ကိုယ့်အတွက် သင်ခန်းစာယူတတ်ရာကနေရတဲ့ အမြတ် လို့ပဲ ခံယူပါတယ်။"
အမှားကျူးလွန်မိကြောင်း လက်ခံပါ
အမှားကျူးလွန်ပြီး ကိုယ့်အမှားကို မမြင်နိုင်တဲ့လူလောက် ဆိုးရွားတဲ့လူမရှိပါဘူး။ အမှားတွေလုပ်ထားပြီး သူတပါးနစ်နာစေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ကို ထိခိုက်စေခဲ့မယ်ဆိုရင် အဲဒီအမှားကို ကိုယ်ကျူးလွန်ခဲ့တယ်ဆိုတာကို မြင်ဖို့လိုပါတယ်။ အမှားကို ကျူးလွန်ပြီး ကိုယ်မှားတယ်လို့ မမြင်ဘူးဆိုရင် အဲဒီလူဟာ အမှားတွေကို ထပ်ခါတလဲလဲ အမှားတွေဆက်လက်ကျူးလွန်ဖို့ လွယ်ကူနေပါလိမ့်မယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် အမှားကျူးလွန်မိကြောင်း မြင်ဖို့တော့ လိုပါတယ်။
နောက်ထပ်တူညီတဲ့ အမှားမျိုးမပြုလုပ်မိအောင် ဂရုစိုက်ပါ
တစ်ခါမှားပြီးသွားရင် အဲဒီလိုအမှားမျိုးထပ်မံမကျူးလွန်မိအောင် ဂရုစိုက်ပါ။ အမှားမှာ နှစ်မျိုးနှစ်စားရှိပါတယ်။ ကိုယ့်အတွက်နစ်နာတဲ့ အမှားမျိုးရှိသလို သူတပါးကို နစ်နာစေတဲ့အမှားမျိုးလည်းရှိပါတယ်။ ဘယ်လိုအမှားမျိုးပဲဖြစ်ပါစေ။ ထိခိုက်နစ်နာတာတွေကတော့ အမြဲတမ်းရှိတာပါပဲ။ ဒါ့ကြောင့် အမှားတွေ ကျူးလွန်မိတဲ့အခါမျိုးမှာ ငါ ဒီလိုအမှားမျိုးနောက်ထပ် ဘယ်တော့မှ ထပ်မမှားစေရဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိအထပ်ထပ်ပေးလိုက်ပါ။
ကိုယ့်အတွက် အကျိုးရှိသွားတဲ့ အမှားဖြစ်ပါစေ
အကျိုးရှိတဲ့ အမှားရယ်လို့တော့မရှိပါဘူး။ ဒါပေမယ့် အမှားတိုင်းကို ကိုယ်က အကျိုးရှိအောင် လုပ်ရပါမယ်။ အကျိုးရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အထက်ပါအကြောင်းအရာတွေအတိုင်း ဂရုစိုက်ဆင်ခြင်ရုံပါပဲ။ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်မျိုးနောက်ထပ် မကျူးလွန်တော့ဘူးဆိုရင်တော့ ဒါဟာ ကိုယ့်ရဲ့ အမှားထဲကနေရရှိလာတဲ့ အမြတ်တွေပါပဲ။
Quality Manager တစ်ဦးဖြစ်တဲ့ မာရီယာကတော့ အမှားတွေကို သူ ဘယ်လို ဖြေရှင်းတာဝန်ယူလေ့ရှိသလဲဆိုတာကို Duwun ကို ပြောပြပါတယ်။
"ပုံမှန်ဆိုရင်တော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘူး။ဘာလို့ဆို အပြစ်ရှိတဲ့စိတ်က ရှေ့ဆက်လို့မရဘူး။ မှားသွားတယ်။ မှားသွားတာကိုလည်းသိတယ်ဆိုရင် ပထမဆုံးလုပ်တာက ရယ်ပစ်လိုက်တယ်။ နင် ဘယ်နေရာ အသုံးကျလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးတယ်။ ပြီးတော့ Solution ရှာတယ်။ အမှားကြောင့် ဖြစ်လာသမျှကို တာဝန်ယူလိုက်တယ်။ ဒီလိုမှ တာဝန်မယူရဲရင် Leader တစ်ယောက်အနေနဲ့ ရပ်တည်လို့မရဘူး။ ကျွန်တော်က ကိုယ့်အမှားအတွက်ကော ဝန်ထမ်းတွေအမှားအတွက်ပါ တာဝန်ခံရတာ။ ကျနော် တစ်ခုခု မှားသွားဖူးရင် နောက်တစ်ခါ ဘယ်တော့မှ မမှားတော့ဘူးလေ။ တစ်သက်စာပဲ။ You will never know unless you try ဆိုတော့ အမှားတွေဟာ Positive အမြင်နဲ့ကြည့်ရင် အမှားတွေဟာ သူငယ်ချင်းတွေပဲ။ မှားမှာကြောက်လို့ ရှုံးနိမ့်မှာကြောက်လို့ ဘာမှ မလုပ်ဘဲနေရင် ဘယ်မှမရောက်တော့ဘူး။"
ဒါ့ကြောင့်မို့ အမှားကင်းတဲ့သူမရှိတဲ့ လောကကြီးမှာ အမှားတစ်ခုကျူးလွန်မိတိုင်း ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေ အမြဲတမ်းဖြစ်လာအောင် ကိုယ့်ဘက်ကနေ ဂရုတစိုက်ဆင်ခြင်ရင်း မှားမိတဲ့အမှားတွေကနေ အမြတ်ထုတ်တတ်ကြဖို့ အထူးသတိပြုသင့်ပါတယ်။